
(ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဆန္ဒပြခဲ့ကြသော မြောက်ဦးလူထု။ ဓါတ်ပုံ - KMC/DMG)
ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ ။ မြောက်ဦးပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူနှင့် ပတ်သက်ပြီး ပစ်မိန့်ပေးသည့် အစိုးရမှာသာ တာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါ ဒု- ဥက္ကဌ ဦးခိုင်ပြည်စိုးမှ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက မြောက်ဦးဒေသခံများနှင့် တွေ့ဆုံစဉ် သုံးသပ်ပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ရာတွင်လည်း အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် မဆောင်ရွက်ခဲ့ကြောင်းလည်း ဆိုသည်။
“ လူအုပ်ကြီးတက်လာတဲ့အခါ ဟမ်းစပီကာနဲ့ မရပါ။ အသံချဲ့စက်ကြီးနဲ့ တစ်လုံးနဲ့မရရင် သုံးလုံးနဲ့ ကျွန်တော်တို့မှာ ဒီလိုဥပဒေတွေရှိပါတယ်။ သည်းညည်းခံကြပါဆိုပြီးတော့ မေတ္တာရပ်ခံရမှာ ဒါဟာ နံပါတ် ၁ ၊ စည်းကျော်လာပါစေ၊ ဒုတိယ စည်းရောက်လာတဲ့အခါမှာလည်း သူတို့ဟာ သတိပေးရမှာဖြစ်တယ်၊ မီးသတ်ပိုက်တွေနဲ့ ရေပစ်ရမယ်၊ လိုအပ်ရင် မျက်ရည်ယိုဗုံးတွ သုံးရမယ်၊ နောက်တစ်ခါ လိုအပ်ရင် ရော်ဘာကျည်တွေ သုံးရမယ်၊ ဒါဟာ အဆင့်ဆင့်ဖြေရှင်းနည်းဖြစ်တယ်၊ ဒါကြောင့်ကျွန်တော်တို့ သုံးသပ်တာကတော့ ဒီကိစ္စကို နှိမ်နင်းဖို့ခိုင်းတဲ့ အစိုးရအပေါ်မှာသာ တာဝန်တယ်လို့ သုံးသပ်တယ်။ ” ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
မြောက်ဦးဖြစ်စဉ်အတွင်းမှာ ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦးထိ ဒဏ်ရာရရှိကာ သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းများကို ယနေ့ နေ့လည်ပိုင်းတွင်း မြောက်ဦးသုဿန်၌ ဂူးသွင်းသဂြိင်္ုဟ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ၇ ဦး၏ မိသားစုများဝင်များက ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် ပြည်နယ်အစိုးရကို တောင်းဆိုထားကြသည်။

(ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့နှင့် မြောက်ဦးလူထု အခင်းဖြစ်ပွားခဲ့သည့်နေရာ။ ဓါတ်ပုံ - ခိုင်မိုး)




