
မင်းထွန်း / DMG
ဖေဖော်ဝါရီ ၁၀ ၊ စစ်တွေ
မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့် ထိပ်ဝပြင်ကျေးရွာကြားရှိ ရန်ကုန်-စစ်တွေအမြန်လမ်းမအနီးတွင် ယနေ့ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၉ နာရီခန့်က မိုင်းပေါက်ကွဲဖြစ်ပွားခဲ့ပြီး အသွား/အလာ ယာဉ်များကို ၂ နာရီခန့် ပိတ်ထားခဲ့ရကြောင်း မြောက်ဦးဒေသခံများထံမှ သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် လမ်းအနည်းငယ်ပျက်စီးခဲ့သည်မှအပ အခြားပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်းလည်း သိရသည်။
“မိုင်းပေါက်ကွဲခဲ့ နေရာနှစ်ခုတွေ့တယ်။ စစ်သားတချို့တွေ့တယ်။ အဲဒီ စစ်သားတွေကို ကျနော်က မေးကြည့် လိုက်တယ်တိုက်ပွဲဖြစ်ခဲ့လား။ သူတို့က ဖြစ်တယ်တဲ့၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်တဲ့။ သူတို့ကလည်း ဘယ်သူတွေနဲ့ ဖြစ်ခဲ့တယ်လို့မပြောဘူး” မြောက်ဦးဒေသခံ ကိုဇော်ထွန်းက ပြောသည်။
မှိုင်းပေါက်ကွဲပြီး အချိန်အနည်းငယ်အတွင်းမှာ တပ်မတော်မှရောက်ရှိလာခဲ့ပြီး ၁၀ မိနစ်ခန့် သေနတ်ပစ်ခတ် မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ကားလမ်းဘေးမိုင်းပေါက်ကွဲမှုနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှု ရှိ၊ မရှိကို မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
လက်ရှိတွင် စစ်တွေ-ရန်ကုန်အမြန်လမ်းတွင် ကား၊ ဆိုင်ကယ်များ သွားလာနေကြပြီဖြစ်ကာ အခြေအနေ တည်ငြိမ်သွားပြီဖြစ်ကြောင်းလည်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
မြောက်ဦးမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့ကလည်း နန်းကျားကျေးရွာနှင့် ပေါင်းတုတ်ကျေးရွာအကြားတွင် မိုင်းသုံးလုံးတစ်ပြိုင်တည်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းမိုင်းပေါက်ကွဲမှုသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် စီးနင်း လိုက်ပါလာသည့်ယာဉ်တန်းအား မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။




