ဓာတ်ပုံ - မြောက်ဦးလူငယ်များအစည်းအရုံး (MUYA)

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်၊ ခင်သရဖီဦး / DMG

မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ရခိုင်လူငယ်မျိုးဆက်သစ် ကွန်ယက်၏ (၇)နှစ်ပြည့် နှစ်ပတ်လည် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ယင်းပွဲတွင် အမျိုးသမီးများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ကိစ္စများ၊ လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု ရခိုင်လူငယ် မျိုးဆက်သစ်ကွန်ရက်မှ တာဝန်ခံ ကိုသန်းလှက ပြောသည်။

“ အမျိုးသမီးတွေကိစ္စနဲ့ ပတ်သက်တဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ အမျိုးသမီးတွေကို ဘယ်လိုဆောင်ရွက်ပေးရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတယ်။ နောက်ပြီး မူးယစ်ဆေးဝါးကိစ္စပေါ့။ မူးယစ်ဆေးဝါးတွေကို ဘယ်လိုဖြေရှင်းမလဲ။ နောက်ပြီး ယိုယွင်းပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်တွေအကြောင်း၊ သယံဇာတတွေအကြောင်းကို ဆွေးနွေးခဲ့တယ်။ ပြီးတော့ လူငယ်ကွန်ရက်ဖြစ်တဲ့အတွက် လူငယ်တွေထဲမှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ ဘယ်လိုအလုပ်အကိုင်တွေ ရမလဲဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ် ” ဟု ၎င်းကပြောသည်။

ယင်းဆွေးနွေးပွဲသို့ အဖွဲ့ပေါင်း ၁၉ ခုမှ လူငယ် ၂၀၀ ခန့် တက်ရောက် ဆွေးနွေးကြခဲ့ကြသည်။