ခိုင်ရိုးလ | DMG
ဇူလိုင် ၂၉၊စစ်တွေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် INGO ဝန်ထမ်းတစ်ဦးကို တပ်မတော်က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျည်ဆန်ထိမှန်သွားကာ စစ်တွေဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရသည်။
ပစ်ခတ်ခံရသူမှာ Plan International နိုင်ငံတကာလူမှုအဖွဲ့အစည်းတွင် လုပ်ကိုင်နေသည့် ကိုရဲလင်းနိုင်ဆိုသူ ဖြစ်သည်။ သူသည် ဇူလိုင်လ ၂၈ ရက်နေ့၊ ညနေ (၇)နာရီကျော်အချိန်ခန့်က မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်တွင် ဆိုင်ကယ်ဖြင့်သွားလာနေစဉ် တပ်မတော်၏ ပစ်ခတ်မှုကိုခံခဲ့ရခြင်းဟု ဒဏ်ရာရသူ၏ အစ်မ ဒေါ်ရီရီမြင့်က ပြောသည်။
“စစ်သားပစ်တာပါတဲ့။ စစ်သားက ဘာပြောလဲဆိုရင် သိပ်ကံကောင်းသွားတယ်တဲ့။ ကျွန်မက ဘာဖြစ်လဲလို့ (မေးတယ်)။ ဟာ …. တဲ့ သူတို့သိပ်ကံကောင်းသွားတယ်။ ကျွန်တော်တို့က ရပ်တန့် ရပ်တန့် ဆိုလို့မတန့်ဘူးတဲ့။ ဒါကြောင့် ပစ်လိုက်ရတာတဲ့”ဟု ၎င်းကပြောသည်။
ထိုသို့ ကျည်ဆန်ထိမှန်မှုကြောင့် မြောက်ဦးဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရသည်။ သို့သော် ကျန်းမာရေးအခြေအနေစိုးရိမ်ရသဖြင့် စစ်တွေဆေးရုံကြီးသို့ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပို့ဆောင်ကာဆေးကုသမှု ခံယူနေရသည်။
“ဒဏ်ရာတော့ သိပ်စိုးရိမ်ရတယ်။ မြောက်ဦးကဆရာဝန်ကတော့ စိုးရိမ်ရလို့ စစ်တွေကို ပို့လိုက်တာပါ။ ကျည်က အဆုပ်ပေါက်သွားတယ်။ ညက ခွဲစိပ်ဖို့လုပ်တော့ သွေးနှစ်ပုလင်းသွင်းထားရတယ်။ ဆရာဝန်ပြောတာတော့ နှလုံးသွေးကြောလေးတွေ ပြတ်တောက်သွားတယ်တဲ့။ အဲဒီနှလုံးကိုလည်း ကြောင့်ကြရပါတယ်တဲ့” ဟု ဒေါ်ရီရီမြင့်က ပြောသည်။
ဆိုင်ကယ်စီးနင်းလာသည့် ၎င်းကို တပ်မတော်က ရပ်တန့်ခိုင်းခဲ့ရာ မရပ်ဘဲ ထွက်ပြေးသောကြောင့် ခြောက်လန့်ပစ်ခဲ့ခြင်းဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက DMG ကိုဆိုသည်။
“ သူက ဘုန်းကြီးကျောင်းကိုဝင်လာတယ်။ ၈ နာရီဝန်းကျင်လောက်မှာ အဲဒီမှာ အပြင်စည်း လုံခြုံရေးယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီကောင်ကိုတားတယ်။ ရပ် ဘာညာ၊ ဆိုပြီးတော့ တားခိုင်းတဲ့အခါမှာ မရပ်ပဲနဲ့ လှည့်ပြီးတော့ ပြန်ပြေးတယ်။ ပြန်ပြေးတဲ့အတွက်မို့ ကျွန်တော်တို့က ခြောက်လှန့်ပြီး ပစ်ခတ်လိုက်ရတယ်။ အဲဒီခြောက်လှန့်ပြီး ပစ်ခတ်လိုက်တာ မှန်သွားတာ” ဟု ၎င်းက ပြောသည်။
ကျည်ဆန်ထိမှန်သွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းအား စစ်ဆေးရာတွင် ဆိုင်ကယ်ပေါ်တွင် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိရကြောင်း၊ Laptop တစ်လုံးတွင်လည်း AA နှင့်ပတ်သက်သည့် သတင်းများ ပါဝင်နေသောကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲမည်ဟု ၎င်းက ဆက်လက်ဆိုသည်။




