
သြဂုတ်လ ၂ ရက်၊ ခိုင်ရိုးလ
ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုကြား ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် လူငယ် ၈ ဦး၏အမှု တရားလိုပြသက်သေများကို သြဂုတ်လ ၁ ရက်နေ့က စစ်ဆေးပြီးဆုံးသွားပြီဖြစ်ကာ နောက်လာမည့် အပတ်ရုံးချိန်းတွင် စွဲချက်တင်မတင် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးတော့မည်ဟု သိရသည်။
အဆိုပါ ဖမ်းဆီးခံထားခံထားရသူ လူငယ် ၈ ဦးကို အများပြည်သူပိုင် ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် မြောက်ဦးမြို့မှ ဒုရဲမှူးသန်းနိုင်စိုးမှ တရားလိုအဖြစ် တရားစွဲဆိုထားပြီး လာမည့် သြဂုတ်လ ၁၃ ရက်နေ့တွင် စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးမည်ဟု သူတို့အမှုကို လိုက်ပါဆောင်ရွက်နေသူ အထက်တန်းရှေ့နေ ဦးထွန်းအောင်ကျော်က ပြောသည်။
“ ဒီနေ့ ဆိုလို့ရှိရင် တရားလိုပြသက်သေတွေကို အားလုံးစစ်ဆေးပြီးသွားပါပြီ။ အဲဒီတော့ စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးရမယ့် အခြေနေပါ။ ဒီစွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးပြီးရင် တရားသူကြီးကနေ အမိန့်တစ်ခုချက်ပါမယ်။ စွဲချက်မတင်ဘူးဆိုရင်တော့ တရားရှင်လွှတ်မှာပေါ့။ တကယ်လို့စွဲချက်တင်မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်မှ တရားခံပြသက်သေကို တင်ပြရဖို့ အစီစဉ်ရှိပါတယ်။ ” ပြောသည်။
အဆိုပါ လူငယ် ၈ ဦးမှာ ပဋိပက္ခဖြစ်စဉ်အတွင်း သေနတ်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် အခုချိန်ထိ ဆေးဝါးကုသမှုကို ခံနေရသူများရှိနေပြီး ဂျိုင်းထောက်ဖြင့် သွားနေရသူများရှိကာ အကျဉ်းထောင်မှ ဆရာဝန်နှင့် ကုသနေရကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။
“ သူတို့ရဲ့ကျန်းမာရေး မျက်မြင်အခြေနေအရ ဂျိုင်းထောက်နဲ့သွားနေတဲ့ကလေးတွေရဲ့ အခြေနေတွေက တိုးတက်လာပါတယ်။ ဖြစ်စဉ်တွေမှာ ဒဏ်ရာရရှိတဲ့အခြေနေတွေ သေနတ်ဒဏ်ရာရရှိထားတဲ့ အခြေနေတွေ နောက်တစ်ခုက တရားခံတွေရဲ့လက်ရှိဒဏ်ရာအခြေနေပေါ့။ အောင်ဌေးဆိုလို့ရှိရင် ခါးဆစ်မှာ အခုထိကျည်ဆံကို မထုတ်ရသေးတာတွေ၊ နောက်တစ်ခုက ကလေးနှစ်ယောက်ဆိုလို့ရှိရင် လက်မှာ သံမဏိချောင်းတွေ ထိုးထားရတဲ့အတွက် အဲဒီဒဏ်ရာနဲ့ လက်တစ်ဖက်နဲ့တစ်ဖက် အရွယ်စားမတူဘဲ သေးသိမ်လာတဲ့အတွက် အဲဒါတွေကို တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က မေးပါတယ်။ ” ဟု ပြောသည်။





