စိမ်းကိုကို၊ DMG

အောက်တိုဘာ ၁၈၊ မြောက်ဦး

 

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်သော မြောက်ဦးမြို့ရှိ လေးမျက်နှာပုထိုးတော်မှ ဆင်းတုတော် တချို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ဖျက်ဆီးခံလိုက်ရကြောင်းသိရသည်။

 

အဆိုပါ ဆင်းတုတော်များ ဖျက်ဆီးခံလိုက်ရခြင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဟု ပတ်ဝန်းကျင်ရပ်ကွက်မှ သံသယရှိနေကြပြီး ဘုရားပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ညက ဆူညံသံများကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

လေးမျက်နှာပုထိုးတော်သည် မြောက်ဦးမြို့ဆင်ချဆိပ်ရပ်ကွက်တွင်ရှိပြီး ဆင်းတုတော်များ ဖျက်ဆီးခံလိုက်ရသည့်အပေါ် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် သိမ်းထိန်းစောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်ကပြောသည်။

 

“လေးမျက်နှာထဲမှာရှိတဲ့ အရံဘုရားတွေ အဖျက်ခံလိုက်တာပါ။ မနေ့က ညနေကတော့ အဲဒီနားမှာ ဆူညံသံတွေ ကြားရတယ်လို့ပြောတယ်။ ဆိုးဆိုးရွားရွားကတော့ သုံးဆူအဖျက်ခံရတယ်။ နည်းနည်းပါးပါးကတော့ ရှစ်ဆူ နီးပါးရှိတယ်” ဟု ဦးသန်းမြင့်ကပြောသည်။

 

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြသည့်အချိန်တွင် ယခုလို ရှေးဟောင်းအမွေအနှစ်များဖျက်ဆီးခံလိုက်ရမှုအပေါ် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ကြိုးစာဆောင်ရွက် နိုင်သူ တစ်ဦးဖြစ်သော မြောက်ဦးယဉ်ကျေး မှုအမွေအနှစ် သိမ်းထိန်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ယခုလိုပြောသည်။

 

“ ဒီဟာဖျက်ဆီးတာဟာ ငါတို့လူမျိုတွေလေ။ ကိုယ့်လူမျိုးက ကိုယ့်ပစ္စည်းကို ကမ္ဘာကထိန်းပါလို့ ပြောနေတဲ့အချိန်၊ ကိုယ့်လူမျိုးက ကိုယ့်ပစ္စည်းတောင်မထိန်းနိုင်ဘဲ ကမ္ဘာကထိန်းပါလို့ ဘယ်မျက်နှာနဲ့သွားပြောရမှာလဲ”ဟု မှတ်ချက်ပြု သည်။

 

မြောက်ဦးမြို့ရှိ လေးမျက်နှာပုထိုးတော်ကို သက္ကရာဇ် ၇၉၂ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်သည် မြောက်ဦးမြို့ တည်ဘုရားအဖြစ်တည်ထားခဲ့ခြင်းဖြစ်သည်။