ခိုင်ရိုးလ၊ DMG

အောက်တိုဘာ ၉၊ မြောက်ဦး

မြောက်ဦးဖြစ်စဉ်မှ ဖမ်းဆီးတရားစွဲဆိုခံထားရသူ လူငယ် ၈ ဦးသည် အာမခံဖြင့် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံးမှ လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါလူငယ် ၈ ဦးအား စက်တင်ဘာလ ၂၄ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ အများပြည်သူပိုင် ပစွည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)နှင့် ထောင်ဒဏ် ၈ လ ချမှတ်လိုက်ရာ ချုပ်ရက်ကို ထုတ်နှုတ်ခံစားခွင့်ရှိကြသည့် အတွက် ၄င်းတို့မှာ စစ်တွေအကျဉ်းထောင်က လွတ်မြောက်လာပြီးသော်လည်း ယင်းနေ့တွင်  ထပ်မံ၍ နိုင်ငံတော်အလံ အက်ဥပေပုဒ်မ ၁၆ ဖြင့် ဖမ်းဆီးရီမန်ယူ ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးရမန်ယူထားခြင်းအပေါ်  စွဲဆိုရန်မသင့်ဟုဆိုကာ မြောက်ဦးမြို့နယ်တရားရုံးမှ အာမခံဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသော အထက်တန်း ရှေ့နေ ဦးထွန်းအောင်ကျော်က DMG ကိုပြောသည်။

 

“ ဒီနေ့မှာ နိုင်ငံတော်အလံ အက်ဥပဒေပုဒ်မနဲ့ ရမန်ယူထားတာကို စွဲဆိုရန်မသင့်ဆိုပြီးတော့ မြောက်ဦးမြို့နယ် တရားရုံးက ၁၂ နာရီလောက်မှာ အပြီးသတ်လွှတ်ပါတယ် ”  ဟု ပြောသည်။

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းလူငယ်များကို ဆက်လက်စွဲရန်အမှုနှစ်ခုရှိနေသော်လည်း အာမခံပေး၍ ရသည့်အမှုဖြစ်နေသည့် အတွက် အာမခံပေးကာ လွှတ်လိုက်ကြောင်းလည်း ၄င်းက ဆိုသည်။

“ နောက်ပြီးတော့ ရဲက သူတို့ကို စွဲဆိုရန် တင်ထားတဲ့အမှုနှစ်မှု ရှိသေးတယ်လို့ပြောပါတယ်။ အဲဒီအမှု နှစ်မှုကတော့ နာကျင်စေမှု ပုဒ်မ ၃၃၃၊ ၃၃၂ နဲ့စွဲဆိုဖို့အစီစဉ်ရှိတယ်။ သို့သော်လည်း ဒီအမှုတွေက အာမခံပေးလို့ရတဲ့အမှုဖြစ်တဲ့အတွက် ရဲက အာမခံပေးလိုက်ပါတယ် ”

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြောက်ဦးမြို့တွင်ကျင်းပမည့် ရခိုင့်အချုပ်ခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို သက်ဆိုင်ရာတာဝန်ရှိသူများက ကျင်းပခွင့်မပြုခဲ့သဖြင့် ပွဲလာရောက်သူများဆန္ဒထုတ်ဖော်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့်ပစ်ခတ်သဖြင့် အရပ်သား ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကာ ၈ ဦးကိုဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။