(ရှေးဟောင်းမြောက်ဦးမြို့တော်က လောင်ပွန်းဗြောက်စေတီအား ဖူးမြော်ရစဉ်။ ဓါတ်ပုံ - ချမ်းအေး/DMG)
သြဂုတ်လ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်၊ (DMG) ။ ။ ရှေးဟောင်းမြောက်ဦးမြို့တော်ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရန် တောင်တန်းများကို လုံခြုံရေးတံတိုင်းအဖြစ် အသုံးပြုထားသော ကာကွယ်ရေးစနစ်နှင့် ရေစီးရေလာကောင်း မွန်ရေးအတွက် ရေမြောင်းများကို စနစ်တကျ လုပ်ထားသော ရေသွင်းရေထုတ်စနစ်တို့ဖြင့် အဓိကတင်သွင်းသွားမည်ဟု သိရသည်။
ယနေ့ (သြဂုတ်လ ၂၁) မြောက်ဦး အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနဌာန ရုံးတွင် မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်မည့် အချက်များကို ဆွေးနွေးပြုလုပ်သည့် တွေ့ဆုံပွဲတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး စောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဌ ဦးသန်းမြင့်က ပြောသည်။
“ မြောက်ဦးမြို့ကို ယူနက်စကိုမှာ ရှေးဟောင်းမြို့တော် စာရင်းဝင်ဖို့ ဆွေးနွေးတဲ့အခါ ၁ ကနေ ၆ အထိ အချက် ၆ ချက်နဲ့ ဆွေးနွေးပါတယ်။ အဲဒီအထဲမှာ မြောက်ဦးမြို့ကို ရှေးဟောင်းမြို့တော်အဖြစ် အသိအမှတ်ပြုဖို့က အဓိက မြောက်ဦးမြို့ရဲ့ ကာကွယ်ရေးစနစ်နဲ့ ရေသွင်းရေထုတ်စနစ်ကို ဦးစားပေးတယ်။ ယူနက်စကိုရဲ့ ၁ ကနေ ၆ အထိ အချက်တွေထဲက တစ်ချက်ပါဝင်သွင်းရင် စာရင်းဝင်ပါပြီ။ ဒါကြောင့် ကျနော်တို့က အများကြီး မသတ်မှတ်ဘဲ ယူနက်စကိုရဲ့ နံပါတ် ၅ နဲ့ကိုက်ညီတဲ့ တံတိုင်းတွေ စနစ်တကျလုပ်ထားတဲ့ ကာကွယ်ရေးစနစ်နဲ့ ရေစီးရေလာတွေကို စနစ်တကျလုပ်ထားတဲ့ ရေသွင်းရေထုတ်စနစ်နဲ့ တင်သွင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ” ဟု ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ မြောက်ဦးရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများ၊ ဒေသခံလူမှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် သမိုင်းသုတေသီ ဒေါက်တာအေးချမ်းနှင့် ဒေါက်တာ Jacques Leider တို့က တက်ရောက်ခဲ့ပြီး အခြားသမိုင်းပညာတို့ကလည်း တက်ရောက်ခဲ့ကြောင်း မြောက်ဦးရှေးဟောင်း သုတေသနဌာနက ညွှန်ကြားရေးမှူးချုပ် ဦးညိမ်းလွင်က ပြောကြားသည်။
လက်ရှိမှာ မြောက်ဦးမြို့ကို သန့်ရှင်းဖို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ပလတ်စတစ်ကို အဓိက ရှင်းထုတ်ရမည်ဟု မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဌ ဦးသန်းမြင့်ကပြောကြားခဲ့သည်။




