
မင်းထွန်း / DMG
ဖေဖော်ဝါရီ ၂၄ ၊ စစ်တွေ
မြောက်ဦးမြို့တွင် အမှိုက်ပုံမီးလောင်မှုမှ ထွက်ရှိလာသည့်ညှော်နံ့များကြောင့် ၁၀ တန်းကျောင်းသူတစ်ဦး အသက်ရှူမွမ်းကြပ်ကာ မြောက်ဦးဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထမရာဇ်ရပ်ကွက်တွင်ရှိသော ၎င်းအမှိုက်ပုံမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၇ နာရီအချိန်က စတင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အမှိုက်ပုံမီးလောင်မှုကြောင့် အနီးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြား နေသော ဒသမတန်းကျောင်းသူ မထက်မြတ်နွယ်မှာ အသက်ရှူကြပ်ပြီး ဆေးကုသမှုခံယူခဲ့ရခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။
“အမိုက်ထဲကထွက်လာတဲ့ မီးခိုး ပလက်စတစ်ညှော်ကြောင့် အသက်ရှူမွမ်းကြပ်ပြီး ည ၁၂ နာရီလောက်မှာ ဆေးရုံတက်ရတယ်။ အခုတော့ ဆရာဝန်နဲ့ စမ်းသပ်ထားတယ်။ အခြေအနေကိုတော့ ဦးဇင်းတို့ အဖြေ မသိရသေးဘူး ” ဟု ဆရာတော်က မိန်သည်။
၎င်းအမိုက်ပုံသည် မြောက်ဦးဆေးရုံကြီးအနီးတွင် တည်ရှိပြီး ပေနှစ်ရာခန့်ကျယ်ဝန်းကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းအထိ အမှိုက်ပုံတွင် မီးမငြိမ်းသေးကြောင်း သိရသည်။
ယခင်ကလည်း အဆိုပါအမှိုက်ပုံကို မီးလောင်မှုကြောင့် ဆရာမတစ်ဦးနှင့် ကျောင်းသား ၃ ဦး ဆေးရုံ တက်ရောက်ခဲ့ရသည်များရှိကြောင်း သိရသည်။
မြောက်ဦးမြို့အတွင်းတွင် ယခုကဲ့သို့ အမှိုက်ပုံကြီးရှိနေခြင်းသည် အနီးရှိ ဆေးရုံ၊ စာသင်ကျောင်း၊ ပရဟိတ ကျောင်းများနှင့် ဘာသာရေးကျောင်းများနှင့် မသင့်လျော်၍ မြို့ပြင်သို့ ဖယ်ရှားပေးရန် မြို့ခံများက ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ဖူးသည်။
ထိုသို့တင်ပြသည့်အခါတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတို့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ပြောင်းပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။




