ဓာတ်ပုံ - ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း

ခိုင်ရိုးလ / DMG

ဇွန်လ ၄၊ မြောက်ဦး

မြောက်ဦးမြို့နယ်၊ညောင်ပင်လှကျေးရွာတွင် ဇွန်လ ၃ ရက်နေ့က လက်နက်ကျည်ဆံပေါက်ကွဲမှုကြောင့် လူ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်။

အဆိုပါ လေးဦးသည် ရွာအနီးတောင်တန်း (ဒေသအခေါ် ပြိုင်းတောင်)သို့ဟင်းကူးရန်သွားရောက်စဉ် လက်နက်ကျည်ဆံတစ်ခုကိုတွေ့၍ ဦးဝင်းနိုင်ဆိုသူက ဓားဖြင့်ခေါက်ကြည့်ရာမှာ ပေါက်ကွဲမှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ပေါက်ကွဲမှုကြောင့် ဦးဝင်းနိုင် ဆိုသူမှာ သေဆုံးသွားပြီး (၃)ဦးဒဏ်ရာရရှိသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှက ပြောသည်။

“ ဓားနဲ့ ခေါက်ကြည့်တဲ့အခါ ပေါက်ကွဲပြီးတော့ ခေါက်ကြည့်တဲ့သူက ပွဲချင်းပြီးသေဆုံးသွားတယ်။ ကျန်တဲ့ သူ့ဇနီးအပါဝင် မိန်းမ (၃) ဦးကတော့ ဒဏ်ရာတွေရသွားကြတာပါ။ ခန္ဓာတွေ၊ ခြေထောက်တွေမှာ ဒဏ်ရာအသီးသီးရတယ် ” ဟု ဦးအောင်ကျော်လှက ဆိုသည်။

ဒဏ်ရာရသူသုံးဦးအနက် ဒေါ်စိန်သန်းနုမှာ ဒဏ်ရာအပြင်းထန်ဆုံးဖြစ်ပြီး ၎င်းတို့ကို မြောက်ဦးဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားသည်။

ပြိုင်းတောင်အနီးတဝိုက်တွင် ဧပြီလ သင်္ကြန် အတွင်းက တပ်မတော်က စခန်းချခဲ့သော်လည်း တိုက်ပွဲ ဖြစ်ပွားမှုများ မရှိခဲ့ကြောင်း ဒေသခံ များထံက သိရသည်။

 

Author: ခိုင်ရိုးလ