စိမ်းကိုကို / DMG

ဧပြီ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှာ လက်ရှိအချိန်ထိ စစ်ရှောင်စခန်းပေါင်း ၄၁ ခုထိ ရှိလာပြီဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးအဖွဲ့မှ သိရသည်။

အဆိုပါ စစ်ရှောင်စခန်းများမှာ မြောက်ဦးမြို့ပေါ်ရပ်ကွက်များတွင်  ၁၄ ခုနှင့် နယ်ဘက်တွင် ၂၇ ခု ပါဝင်ပြီး မြို့ပေါ်စခန်းများတွင် ဘုရားပေါ်သိမ်၊ လက်ကျောက်ဈေးကျောင်း၊ သျှစ်သောင်းကျောင်း၊ သလူးကန်ကျောင်း၊ မြတန်းဆောင်းကျောင်း၊ ရွှေတောင်ကျောင်း၊ အောင်စေတီသိမ်၊ ဒိုင်းကျီကျောင်း၊ နရတ်စားသိမ်၊ ကိုးနဝင်အောင်စေတီသိမ်၊ အောင်မင်္ဂလာကျောင်း၊ မြို့သစ်ကျောင်း၊ ကျောက်ရစ်ကေ ကျောင်း၊ ဇိနမာန်အောင်ကျောင်းတိုက်တို့ဖြစ်သည်။

၎င်းစစ်ရှောင်စခန်းများမှာ ဧပြီလ ၁၉ ရက်နေ့အထိ ရောက်ရှိလာသည့် စာရင်းများဖြစ်ပြီး စစ်ရှောင်များ အတွက် စားနပ်ရိက္ခာလိုအပ်သည်ဟု စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးအဖွဲ့ မြောက်ဦးမှ တာဝန်ရှိသူ ဦးထွန်းနီဝင်းက ပြောသည်။

“အဓိကတော့ ဆန်နဲ့ အခြေအနေခံစားသောက်ကုန်ပေါ့။  နောက်ပြီးတော့ နယ်ဘက် ကလူတွေကျ တော့ထင်းတွေလိုအပ်တယ်။ အဓိကတော့ဆန်ရယ် အခြေခံစားသောက်ကုန်ရေက နံပါတ်တစ်ပေါ့။ ဆိုရင် နံပါတ်နှစ်က ကျန်းမာရေးစောင့်ရှောက်မှု ၊ အိမ်သာမလုံလောက်မှုတွေရှိတယ်”ဟုပြောသည်။

စစ်ရှောင်စခန်း ၄၁ ခုအတွင်းနေထိုင်နေသူ လူဦးရေ စုစုပေါင်း ၁၀၀၀၀ ကျော်အထိရှိလာပြီဖြစ်ကာ စစ်ရှောင်ပြည်သူများစားသောက်နေထိုင်ရေးအတွက် မြောက်ဦးမြို့နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်များ အပါဝင် ICRC စသည့်အဖွဲ့များနှင့်ပါ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း လည်းပြောသည်။