
ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၂၀၁၈ ခုနှစ်။ ။ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာသို့ ယနေ့နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်က ကားသုံးစီးဖြင့်ရောက်ရှိလာပြီး ဈေးအနီးရှိချောင်းတွင် သက်သေခံပစ္စည်းများကို ရှာဖွေနေကြောင်း ဒေသခံများက DMG သို့ ပြောသည်။
အဆိုပါချောင်းတွင် သေနတ်များ လွှင့်ပစ်ထားသည့် သတင်းထွက်ပေါ်မှုကြောင့် ရဲတပ်ဖွဲ့က ရောက်ရှိနေခြင်းဖြစ်ပြီး ယင်းဈေးထိပ်ကနေစပြီး အိမ်တိုင်းကို ဝင်ရောက်ရှာဖွေမည်ဟုလည်း DMG သတင်းရပ်ဝန်းက သိရသည်။
အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ ရဲတွေ အများကြီးပါ။ ချောင်းထဲမှာ သေနတ်တွေ လွှင့်ပစ်ထားတယ်ဆိုပြီး ရွာသားတချို့နဲ့ လိုက်ရှာနေကြတယ်။ အိမ်တိုင်းကိုလည်း ဝင်ရောက်မွှေမယ်လို့ ပြောပါတယ်။ အခုစပြီး မွှေနေပြီတဲ့။ ရွာသားတွေက အရမ်းကြောက်နေကြတယ်။ စိုးရိမ်နေကြတယ်။ တချို့ဆိုရင် အပြင်မထွက်ရဲကြတော့ဘူး။ ဘာတွေဖြစ်နေကြတာလဲ မသိဘူး။ ” ဟု ၄င်းက DMG ကို ပြောကြားထားသည်။
အဆိုပါသတင်းနှင့် ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းမှူး၊ တိန်ညိုကင်းရဲစခန်းမှူးတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းဆက်သွယ်မရခဲ့ပေ။ ဆက်လက် ဆက်သွယ်နေဆဲလည်း ဖြစ်သည်။
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မင်္ကာသူအဖြစ် ယူဆရသူ တိန်ညိုကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် နှင့် ၄င်း၏ ဇနီး၊ သား၊ ချွေးမတို့ ၄ ဦးကို ရန်ကုန်မြို့မှာ ဖမ်းဆီးရမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါအမှုနှင့် ဆက်စပ်၍ ဦးကျော်မြင့်၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်းနှင့် လက်ရှိတွင် နေအိမ်ကို ချိတ်ပိတ်ထားပြီး ပိုင်ဆိုင်မှုများကိုလည်း သိမ်းထားကြောင်း ဦးကျော်မြင့်၏ သမီးကြီးဖြစ်သူ ဒေါ်တင်တင်မြင့်က ပြောသည်။
“ ကျမတို့ကို ဦးဘိုဘိုမင်းသိုက် အသတ်ခံရတာနဲ့ ပတ်သက်ပြီး အဖေ၊ အမေ၊ မောင်၊ ယောက်မတွေကို ဖမ်းဆီးထားတယ်လို့တော့ အကြောင်းကြားတယ်။ ကျမတို့ကိုလည်း စစ်ဆေးနေတယ်။ ကျမယောက်ျားဆိုရင် မနေ့ကတည်းက (ဖေဖော်ဝါရီ ၂ ရက်) စစ်ဆေးဖို့ဆိုပြီး မြောက်ဦးခေါ်သွားတာ အခုထိ အိမ်ပြန်မရောက် သေးဘူး။ ကျမတို့က ဘိုဘိုမင်းသိုက်နဲ့ အဆက်အသွယ်လည်း မရှိဘူး။ သိလည်းမသိဘူး။ အခု မြောက်ဦးမြို့မှာ ပြဿနာဖြစ်ပြီးနောက်ပိုင်းမှ မြို့နယ်အုပ်ချုပ်ရေးမှူးဆိုပြီး ဖေ့စ်ဘွခ်ပေါ်မှာ မြင်ဖူးတာ။ ကျမတို့ အဖေအိမ်ကိုလည်း လာတာတခါမှ မတွေ့ဖူးပါ။ ” ဟု ပြောသည်။
ဦးဘိုဘိုမင်းသိုက် စီးနှင်းလာသော CR-V ကားအမျိုးအစားနှင့် ခဲရောင်ကားတို့မှာလည်း ဦးကျော်မြင့်မှာ မရှိကြောင်း ၄င်း၏ သမီးကြီး ဒေါ်တင်တင်မြင့်က ငြင်းဆိုထားသည်။
တိန်ညိုကျေးရွာရှိ နေအိမ်မှာကျန်ရှိခဲ့သည့် ဦးကျော်မြင့်၏ သမီးအငယ်ဆုံး မအိအိဖြိုးမှာလည်း ဖမ်းဆီးထားရသည်ဟု သတင်းထွက်ပေါ်ခြင်းမှာ မဟုတ်ဘဲ ဖခင်နှင့် မိခင် ဖမ်းဆီးခံထားရသည်ဟု သတင်းကြောင့် စိတ်ကယောင်ချောက်ချားဖြစ်ပြီး အိမ်မှထွက်သွားသဖြင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဒေါ်တင်တင်မြင့်က ပြောသည်။
လက်ရှိ တိန်ညိုကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း စစ်ဆေးမေးမြန်းရန် မြောက်ဦးမြို့ပေါ်သို့ ခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ ပြန်မရောက်သေးကြောင်း မိသားစုဝင်တစ်ဦးက DMG သို့ ပြောသည်။
“ ဖမ်းတာလား၊ စစ်ဆေးဖို့ခေါ်သွားတာလား မသိဘူး။ ဖုန်းလည်း ဆက်လို့မရဘူး။ လက်ရှိ ဥက္ကဌ ဆိုတော့ ဖမ်းဆီးဖို့ မဟုတ်ဘဲ စစ်ဆေးဖို့ပဲ ဖြစ်မှာပါ။ ” ဟု ပြောသည်။
တိန်ညိုကျေးရွာသားများအချို့ကို DMG က ဆက်သွယ်မေးမြန်းကြည့်ရာ ရဲတပ်ဖွဲ့ဝင်အင်အား လုံခြုံးတိုးမြှင့်ထားသည့်အတွက် စိုးရိမ်လွန်နေကြကြောင်း၊ တိန်ညိုကျေးရွာအနီးတစ်ဝိုက် အခြားကျေးရွာများကိုလည်း ရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ကို ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် ကားမှောက်လျှက် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ယင်းအမှုနှင့် ပတ်သက်ပြီး တရားခံဟုယူဆပြီး ဖမ်းဆီးထားသူ ၄ ဦး ပုဏ္ဏားကျွန်းရဲစခန်းက ပုဒ်မ ၃၀၂/၄၄၀/၁၁၄ တို့ သုံးခုဖြင့် အမှုဖွင့်လှစ်ထားသည်။




