ဓာတ်ပုံ - နေဝင်းစံ

ဘုန်းဝေယံဟိန်း / DMG

ဖေဖော်ဝါရီ ၂၁ ၊ စစ်တွေ

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် လုပ်ဆောင်ထားသည့် အပြီးသတ်မူကြမ်းကို လာမည့် စက်တင်ဘာလအတွင်း တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မူကြမ်းတင်သွင်းနိုင်ရန်အတွက် ကော်မတီ ၁၆ ခုဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းအများစု ပြီးစီးနေပြီဖြစ်ကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

“၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ မူကြမ်းတင်မယ်။ အခု တော်တော်များများကတော့ ပြီးနေပြီ။ ကျွန်မက သမိုင်းအထောက်အထား ရှာဖွေရေးအဖွဲ့ကို တာဝန်ယူထားတယ်။ ကျန်တဲ့အဖွဲ့တွေကလည်း သူတို့နဲ့ ပတ်သက်တာကို လုပ်လို့ တော်တော်များများပြီးနေကြပြီ” ဟု ဒေါ်ခင်သန်းက ပြောသည်။

ယင်းအပြင် အာနန္ဒစန္ဒြားကျောက်စာကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်အတွက် ထပ်မံလုပ်ဆောင်ရမည်ဖြစ်ကာ လက်ရှိမှာ အာနန္ဒစန္ဒြားကျောက်စာမှာ အာရှပစိဖိတ်တွင်သာ တရားဝင်ဖြစ်သေးကြောင်း ၎င်းကဆိုသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေသော မြောက်ဦးမြို့တွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခေတ်ကြီး ၄ ခေတ်မှ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာလက်ရာများကို တွေ့မြင်နိုင်ပြီး ရခိုင်ဘုရင်နန်းစိုက်ခဲ့ရာနေရာဖြစ်သောကြောင့် ကျုံး၊ မြောင်း၊ တံတိုင်းတို့အပြင် စနစ် ကျသော ရေသွင်းရေထုတ်စနစ်များလည်းရှိကြောင်း သိရသည်။