(ပြာသိုလကွယ်နေ့က မြောက်ဦးမြို့နန်းတော်ရာကုန်း ပထမထပ်တွင် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် နံနက်ပိုင်းက သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့သည်။ ဓါတ်ပုံ - ကျော်ထွန်းဦး)

ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၂၀၁၈ ခုနှစ်။   ။  မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်များ သေနတ်ပစ်ခတ်ပြီး အကြမ်းဖက်နည်းဖြင့် လူစုလူဝေးကို ဖြိုးခွင်းသည့် ကိစ္စနှင့် ရခိုင်လူထုခေါင်းဆောင်များဖြစ်သော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးထားခြင်းကိစ္စ ကန့်ကွက်ရှုံ့ချကြောင်း အမေရိကန်နိုင်ငံတွင် ဆန္ဒဖော်ထုတ်မည်ဟု ဦးဆောင်သူများထံမှ သိရသည်။

ယခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အမေရိကန်ရှိ ယူအန်ရုံးနှင့် မြန်မာနိုင်ငံသံရုံးတို့ရှေ့တွင် အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားများက ဆန္ဒဖော်ထုတ်သွားမည်ဟု ဦးဆောင်အဖွဲ့ဖြစ်သည့် American Arakan Community (AAC) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ထွန်းက ပြောသည်။

“ လူ့အခွင့်အရေးအရ ဆန္ဒဖော်ထုတ်သူတွေကို အကြမ်းဖက်ပစ်ခတ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့နဲ့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း တာဝန်ခံမှုတာဝန်ယူမှုအပြည့်နဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ ဒီမိုကရေစီရဲ့ စံနှုန်းအရ လွတ်လပ်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိတဲ့အတွက် ဒေါက်တာအေးမောင် ပြောဆိုချက်တွေနဲ့ မတရားဖမ်းဆီးထားတာကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုသွားပါမယ်။ ” ဟု ပြောသည်။

ယူအန်ရုံးရှေ့နှင့် မြန်မာသံရုံးရှေ့တို့တွင် ဆန္ဒဖော်ထုတ်ရာ၌ ရခိုင်ပြည်နယ်ကို Free Arakan ဆိုပြီး ကြွေးကြော်သွားမည်ဟုလည်း ဦးခိုင်ထွန်းက ပြောသည်။

“ ဦးသိန်းစိန်အစိုးရ လက်ထက်ထက် ဒေါ်အောင်ဆန်းစုကြည်အစိုးရက ရခိုင်ပြည်နယ်ကို ပိုပြီးဖိနှိပ်တယ်လို့ မြင်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်တွေ၊ လူမျိုးတမျိုးရဲ့ သမိုင်းတွေကို ပြန်လည်ဖော်ထုတ်ခွင့် မရရှိတာရယ်။ ဘာသာရေးလွတ်လပ်ခွင့်တွေလည်း ပိတ်ပင်လာတယ်။ ” ဟု ၄င်းက ဆိုသည်။

ဒီမိုကရေစီ၏ အခြေခံကျင့်စဉ်များနှင့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာများကို လက်ရှိ NLD အစိုးရက လေးစားလိုက်နာရန် လိုအပ်ကြောင်းနှင့် အထက်ပါ တောင်းဆိုချက်များကို အမြန်ဆုံးအကောင်အထည် မဖော်ပေးပါက ဗမာကိုလိုနီနယ်ချဲ့စနစ်အား အမြန်ဆုံးနိဂုံးချုပ်ပေးရန် ရခိုင်လူထုနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း American Arakan Community (AAC) က ဇန်နဝါရီလ ၁၉ ရက်နေ့က သဘောထားထုတ်ပြန်ထားသည်။

Author: DMG