ဖမ်းဆီးခံထားရသော လူငယ်များနှင့် ၄င်းတို့၏မိသားစုဝင်များကို စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်

ခင်သရဖီဦး၊ DMG

စက်တင်ဘာလ ၂၅၊ စစ်တွေ

မြောက်ဦးမြို့တွင် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်း အထိမ်းအမှတ်ကျင်းပခွင့် တားဆီးမှုနှင့်ပတ်သတ်ပြီး ဆန္ဒပြကြသည့် ပြည်သူများကို  ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကိစ္စကို စုံစမ်းသည့် ရခိုင်ပြည်နယ် လွှတ်တော် မြောက်ဦးစုံစမ်းလေ့လာရေး အစီအရင်ခံစာ ပြီးစီးပြီဟု ဦးထွန်းသာစိန်က စက်တင်ဘာလ ၂၄ က ရခိုင်အမျိုးသားပါတီရုံးတွင် မီဒီယာများကို ပြောသည်။

သို့သော် ယင်းအစီအရင်ခံစာအား လွှတ်တော်သို့ တင်ပြနိုင်ခြင်းမရှိသေးပေ။ လွှတ်တော်သို့ အစီရင်ခံစာ မတင်နိုင်သေးခြင်းမှာ ဖမ်းဆီးခံနေရသည့် လူငယ်များကို အပြစ်တိုး၍ လုပ်မည်ကို စိုးရိမ်သောကြောင့် တင်ပြရန် ဆိုင်းငံ့ထားခြင်းဟု မြောက်ဦးဖြစ်စဉ် စုံစမ်းရေးလေ့လာရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းသာစိန်က ဆိုသည်။

“ကျနော်တို့ အစီရင်ခံစာအားလုံးပြီးပါပြီး။ ဒါပေမဲ့ကျနော်တို့အနေနဲ့  ပြောရရင်တော့ ဒီကလေးတွေကို အခုလိုမျိုး အပြစ်တိုးပြီးတော့ ကျသွားမှာ စိုးရိမ်တာကြောင့်  လောလောဆယ် ဒီအစီရင်ခံစာကို မတင်ဘဲ ခေတ္တခဏ ဆိုင်းငံထားတာပါ ”ဟု ၎င်းက ပြောသည်။

ဦးထွန်းသာစိန်က “ကလေးတွေ”ဟု ညွှန်းဆိုသည့် လူငယ် ၈ ဦးကို အများပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေ ၆(၁)ဖြင့် မြောက်ဦးဆန္ဒပြပွဲဖြစ်ပွားပြီးနောက်မှာ တရားစွဲဆိုခဲ့သည်။ ယင်း ၈ ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် (၈) လ ချမှတ်လိုက်သည်။

ချုပ်ရက်ကို ထုတ်နှုတ်ခံစားခွင့်ရကြသည့်အတွက် ၎င်းတို့မှာ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း ၎င်းတို့ကို နောက်ထပ်အမှုသစ်တစ်ခုဖြင့် စွဲချက်တင်ရန် ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးထားသည်။

မြောက်ဦး စုံစမ်းရေးလေ့လာရေးကော်မတီကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကနဦးတွင် စုံစမ်းစစ်ဆေးရေးအမည်ဖြင့် ဖွဲ့စည်းခဲ့သော်လည်း အစိုးရက ဖိအားပေး သောကြောင့် မြောက်ဦးစုံစမ်းရေးလေ့လာရေးအမည်သို့ ပြောင်းလဲလိုက်ရသည်။

လွှတ်တော်တွင် မြောက်ဦးစုံစမ်းရေးလေ့လာရေးကော်မတီစတင်ဖွဲ့စည်းစဉ်က လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ကန့်ကွက်ခဲ့သည်။

ဇန်န၀ါရီ ၁၆ရက်နေ့က မြောက်ဦးမြို့နယ်တွင် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲတစ်ခုကို  နန်းရာကုန်းမှာ ပြုလုပ်ခြင်းကို အာဏာပိုင်များက ပိတ်ပင်လိုက်သောကြောင့်  ပြည်သူများ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ဒေသခံ ၇ ဦးသေဆုံးသွားကာ ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။