
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အသက်ကယ်အင်္ကျီ များဖြန့်ဝေပေးထားသည်။ ဓါတ်ပုံ - Sam Wong
ခင်သရဖီဦး။ မေလ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်ပြည်နယ် မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များတွင် ပြည်နယ်ပညာရေးဌာနမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အသက်ကယ်အင်္ကျီများ ဖြန့်ဝေပေးထားကြောင်း သိရသည်။
အဆိုပါ မြို့နယ်လေးခုအတွက် အသက်ကယ်အင်္ကျီ ၅၀၀၀ ကျော်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဖြန့်ထားပေးပြီး မိုးရာသီအတွင်း မြစ်၊ ချောင်းများကို ဖြတ်၍ သွားလာရသည့်ဒေသများအတွက် အသက်အန္တရာယ် ကာကွယ်နိုင်ရန် ပေးထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။
“ Life jacket က ၅၀၀၀ တောင်မကတော့ဘူး။ အားလုံးပေးပြီးသွားပြီး။ ဆရာကြီးတို့က ပြောထားတယ်။ ချောင်းကူးတဲ့အခါမှာ စက်လှေနဲ့ကူးရင် စက်လှေပေါ်မှာ ချိတ်ထားပေးပါ။ အရေးကြုံလာရင်ပေါ့။ ဒါပေမယ့် မလိုက်နာတာကတော့ သူတို့အပိုင်းပေါ့။ ဆရာကြီးတို့အပိုင်းက တော့ Life jacket တွေကို ဖြန့်ဖြူးပြီးပြီ။ အခုနှစ်မှာလည်း ပဲထပ်ပြီးဖြန့်ဖြူးပေးဖို့ အစီစဉ်တွေရှိတယ်။ ’’ ဟု ပြောသည်။
အဆိုပါ အသက်ကယ်အင်္ကျီ၅၀၀၀ ကျော်ကို ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ခွဲတန်းချပြီး ပေးထားခြင်းမရှိသည့်အတွက် ပေါက်တောမြို့နယ် လက်ပံပြားကျေးရွာအုပ်စုအပါအဝင် အခြားကျေးရွာအုပ်စုဒေသက ကျောင်းသား၊ ကျောင်းသူများမှာ အသက်ကယ်အင်္ကျီများ မရရှိသေးကြောင်း ယင်းဒေသခံများက ပြောသည်။
မိုးရာသီအတွင်း စက်လှေများအနေဖြင့် သတ်မှတ်ထားသည့် လူဦးရေထက် မတင်ဆောင်ကြရန် ညွှန်ကြားထားကြောင်း၊ စည်ပင်ဌာအနေဖြင့်လည်း စက်လှေများလေလံဆွဲကတည်းက လူဦးရေဆင်ခြင်းနှင့် ပတ်သက်ပြီး အန္တရာယ်မဖြစ်အောင် ညွှန်ကြားထားသင့်ကြောင်း ဦးစိန်ထွန်းလှက ပြောသည်။
“ စက်လှေတွေကို သတ်မှတ်တဲ့ ဦးရေးထက် ပိုမတင်ဖို့။ အဲဒါကို ဆရာကြီးတို့က ညွန်ကြားထားတယ်။ သူတို့က ကန်ထရစ်ဆွဲတယ်၊ ဆွဲတဲ့အခါမှာ ပိုက်ဆံဘယ်လောက် ပေးထားလဲမသိဘူး။ လူတွေကိုပိုတင်တယ်။ မချီမဆန့်တင်တယ်။ အဲဒါကလည် စည်ပင်အပိုင်ပေါ့။ စည်ပင်ကလူတွေကလည်း ကန်ထရစ်ဆွဲကတည်းက သူကိုညွန့် ကြားရမယ်။ သတ်မှတ်ထားတဲ့ လူအတိုင်း တင်ပါလို့ပြောရမယ်။ ” ဟု ပြောသည်။
၂၀၁၆-၁၇ ခုနှစ်အတွင်း စတင်ဖြန့်ဝေပေးထားသည့် အသက်ကယ်အင်္ကျီများမှာ အခြေခံပညာဦးစီးဌာနအပြင် အလှူရှင်များမှလည်းပါဝင်ကြောင်း၊ အသက်ကယ်အင်္ကျီများကို အခမဲ့ဖြန့်ခြင်းဖြစ်ကြောင်း သိရသည်။




