ခိုင်ရိုးလ၊ DMG

အောက်တိုဘာ ၂၆၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ယခင်အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးတင်မောင်ဆွေအပေါ် ဝေဖန်ပြောဆိုခဲ့သူ စစ်တွေမြို့ မြိုမိ၊ မြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေကို စစ်တွေမြို့နယ်တရားရုံးမှ ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည်။

ဦးအောင်သန်းဝေသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နှင့် ရာဇဝတ်မကင်းသော ခြောက်လှန့်မှုပုဒ်မ ၅၀၆ တို့ ဖြင့်ထောင်ဒဏ် ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

“ ကျွန်တော့်ကို နိုင်၊လွတ်၊လုံပုဒ်မ ၁၀ နောက်ပြီး ရာဇဝတ်မကင်းသော ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့နဲ့ နှစ်ခုလုံးပေါင်းပြီးတော့ ထောင်ဒဏ် ၆ လချမှတ်လိုက်ပါတယ် ” ဟု ဦးအောင်သန်းဝေက တရားရုံးအထွက်တွင် မီဒီယာများကိုပြောဆိုခဲ့သည်။

နောက်ပြီး ယင်းအမှုနှင့် ပတ်သက်၍ သူ့အား တရားလိုအဖြစ် စွဲဆိုခဲ့သော စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေပါ နှစ်ဦးတို့ကို နိုင်လွတ်လုံပုဒ်မ ၁၀ နှင့် ပြန်လှန်စွဲဆိုထားကြောင်း သိရသည်။

“ နိုင်ငံသားများရဲ့လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာကွယ်ပေးရေးဥပဒေပုဒ်မ ၁၂ ပါဥပဒေပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုချိုးဖောက်တဲ့အတွက် သူတို့ကိုလည်း နိုင်၊လွတ်၊ လုံ ပုဒ်မ ၁၀ နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ အမှုအမှတ် ၅၉၈ အရ ကျွန်တော် စွဲဆိုထားပါတယ် ”ဟု ဦးအောင်သန်းဝေက ပြောသည်။

ဦးအောင်သန်းဝေသည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းအား “ လူသတ်တရားခံ တင်မောင်ဆွေကို ထွက်ခွင့်မပေးနိုင်ဘူး။ ဒီအတိုင်းထွက်သွားလို့ရှိရင် ရခိုင်လူမျိုးတွေညံ့ရာကျမယ်။ ” ဟု ပြောဆိုခဲ့မှုနှင့် သူ၏ Facebook ပေါ်တွင်  “ လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ်အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု (တရားခံ)ဘယ်သူလဲ။ ” ဆိုသည့် Post ကိုတင်ခဲ့သည့်အတွက်ကြောင့် စစ်တွေမြို့မ ရဲစခန်းက ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။