(ယခင်နှစ် ဘူးသီးတောင်သင်္ကြန် မြင်ကွင်းတစ်ခု/ ဓာတ်ပုံ - အောင်ချေ)

ချလူးအောင်/ DMG

ဧပြီ ၆၊ စစ်တွေ

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်လူမျိုးများ စစ်ဘေးဒဏ်ကို ခံစားနေသည့်အချိန်ဖြစ်သောကြောင့် ဘူးသီးတောင်မြို့တွင် သင်္ကြန်မကျင်းပရန် ဂိုဏ်ပေါင်းစုံ သံဃာတော်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများက ဆုံးဖြတ်လိုက်ကြသည်။

မဏ္ဍပ်ကြီးဆောက်လုပ်ပြီး ရေကစားခြင်း မပြုလုပ်ရန်၊ အသံချဲ့စက်၊ ဆောင်းဘောက်များဖွင့်ခြင်း မပြုလုပ်ရန်နှင့် ကားဖြင့်လှည့်ပတ်၍ ဆူညံစွာ အော်ဟစ်ကခုန်ခြင်း မပြုလုပ်ရန်လည်း ဧပြီလ ၄ ရက်နေ့က ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

“ဒီလို ဆုံးဖြတ်ရတာဟာ စစ်ဘေးရှောင်တွေ ပူပင်သောက ရောက်နေချိန်မှာ စစ်ဘေးမရှောင်တဲ့ ပြည်သူတွေအနေနဲ့ ပျော်ပါးနေဖို့ လုံးဝမသင့်လျှော်ပါ။ ဒါကြောင့် ဒီလို အချက်တွေကို အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု ဘူသီးတောင်လူမှုအဖွဲ့အစည်းမှ ကိုမောင်သာဖြူက ပြောသည်။

အလားတူ တိုက်ပွဲကြောင့် လူပေါင်းများစွာ စစ်ဘေးရှောင်ဘဝ ရောက်ရှိနေသောကြောင့် ပျော်ပွဲရွှင်ပွဲ ကျင်းပရန် မသင့်ကြောင်းနှင့် လုံခြုံရေးအခြေအနေအရလည်း စိုးရိမ်မှုရှိသောကြောင့် ရန်ကုန်မြို့တွင် နှစ်စဉ် ကျင်းပနေသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မကျင်းပရန် ဆုံးဖြတ်ထားကြသည်။

စစ်တွေမြို့တွင်လည်း စစ်ဘေးရှောင်များကို ကူညီရန်အတွက် သင်္ကြန်ပွဲတော် မကျင်းပရန် ဆုံးဖြတ်ထားကြသည်။ ယင်းအပြင် ကျေးရွာတစ်ချို့တွင်လည်း သင်္ကြန်ပွဲတော် မကျင်းပရန် ဆုံးဖြတ်ထားကြသည်ဟု ဒေသခံများထံက သိရသည်။

 

Author: ချလူးအောင်