ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းရေးအတွက် စစ်တွေဆေးရုံကြီးတွင် ဆွေးနွေးနေစဉ်။ ဓါတ်ပုံ - ခိုင်ရိုးလ

ခိုင်ရိုးလ။ ဇူလိုင်လ ၉ ရက်၊ ၂၀၁၈ ခုနှစ်။  ။   ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ရခိုင်ပြည်နယ်အတွင်း သွေးလွန်းတုပ်ကွေးရောဂါဖြစ်ပွားမှုကို ယခုနှစ်တွင် အလေးထားဆောင်ရွက်နေကြောင်း သိရသည်။

သံတွဲနှင့် တောင်ကုတ်မြို့တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း နှစ်စဉ်မြင့်မားနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ပြောသည်။

“ပီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ သွေးလွန်ထုတ်ကွေးဖြစ်ပွားမှု တော်တော်များပြားခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၅၉၃ ဦးဖြစ်ပွားခဲ့ပါတယ်။  လူ ၂၇ ဦး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်ဒီနှစ်ထဲမှာ ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့အတွက် အရှိန်ဟုန်မြှင့်တင်ရေးလုပ်ငန်းတွေကို အလေးထား ဆောင်ရွက်သွားမယ် ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းရေးနှင့် ပတ်သက်ပြီး ဇူလိုင်လ ၆ ရက်နေ့က စစ်တွေပြည်သူ့ဆေးရုံကြီးအတွင်း ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ဖြစ်ပွားစေပြီး လူကြီးလူငယ်မရွေး ဖြစ်ပွားတတ်သည် ကူးစပ်ရောဂါတစ်မျိုးဖြစ်ကာ ရခိုင်ပြည်နယ်အနှံ့ဖြစ်ပွားလျှက်ရှိကြောင်း ဒေါက်တာကြည်လွင်က ပြောသည်။

ရခိုင်ပြည်နယ်အနှံ့ မြို့နယ်များတွင် သွေးလွန်တုပ်ကွေ့ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရေး ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ထမ်းသို့ ညွှန်ကြားထားပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသူရွာသားများကို အသိပညာပေးလုပ်ငန်းဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

ယခုနှစ် ၂၀၁၈ တွင် ဇန်နဝါရီလမှ  ဇူလိုင်လအထိ ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့သူ ၂၄၆ ဦးရှိခဲ့ပြီး အသက်သေဆုံးသူ သံတွဲမြို့တွင် တစ်ဦးရှိခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သူ ၃၁၀၀၀ ကျော်ရှိခဲ့ပြီး လူပေါင်း ၁၉၀ ကျော်သေဆုံးခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။