
ချလူးအောင်၊ DMG
အောက်တိုဘာ ၃၁၊ ဘူးသီးတောင်
ပြည်သူ့လွှတ်တော်အထောက်အကူပြုအဖွဲ့နှင့် ဘူးသီးတောင်မြို့နယ် ဌာနဆိုင်ရာပေါင်းစုံတို့ ပါဝင်ပြီး ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် ဘူးသီးတောင်မြို့၌ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်အတွင်းဆောင်ရွက်ခဲ့မှုများ၊ အစိုးရဌာနဆိုင်ရာများမှ ၂၀၁၈ ခုနှစ် ပထမ ၆ လပတ်ဆောင်ရွက်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်ရန်လျာထားချက်များအား ဒေသခံပြည်သူများသို့ ရှင်းလင်းခဲ့ကြပြီး ပြည်သူများမှလည်း လက်ရှိအခြေအနေနှင့် လိုအပ်ချက် များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ယခုကဲ့သို့တွေ့ဆုံခြင်းမှာ ဒီမိုကရေစီစနစ်အရ အချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပြည်သူ လွှတ်တော်အထောက်အကူပြုအဖွဲ့မှ ဦးဆောင်ပါဝင်သည့် ဘူးသီးတောင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေမှ ပြောသည်။
ဦးအောင်သောင်းရွှေက “လွှတ်တော်ရယ်၊ ဌာနဆိုင်ရာပေါင်းစုံရယ်၊ ဒေသခံပြည်သူတွေရယ် တွေ့ဆုံပြီးတော့ ဒေသအကျိုးစီးပွားအတွက် ဒီမိုကရေစီစနစ်အရ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ဒေသအကျိုးကို ပိုမိုဖြစ်ထွန်းလာစေပါတယ် ” ဟု ပြောသည်။
ဒေသခံပြည်သူများမှတင်ပြရာတွင် ဘူးသီးတောင်မြို့နယ်အတွင်း ကျန်းမာရေးလိုအပ်ချက်၊ နိုင်ငံသား ကဒ်ထုတ်ပေးထားမှုများနှင့် မိုးရာသီရေနစ်မြုပ်မှုအခြေအနေများအား ဖြေရှင်းပေးရန်လိုအပ် ကြောင်းလည်း တင်ပြခဲ့ကြသည်။
ဘူးသီးတောင်ဒေသခံတစ်ဦးဖြစ်သည့် ဦးထွန်းစိန်ဦးမှ ပြည်သူ့လွှတ်တော်အနေဖြင့် ဌာနဆိုင်ရာများ၊ ပြည်သူများအား ယခုကဲ့သို့ လာရောက်ချပြသည်မှာ ပိုမိုထိရောက်မှုရှိသည်ဟုမြင်ကြောင်း ပြောသည်။
ဦးထွန်းစိန်ဦးက “ဒီလိုမျိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရ ဌာနဆိုင်ရာတွေနဲ့ ဒေသခံ ပြည်သူတွေနဲ့ နောက်ထပ်လည်း တွေ့ဆုံဆွေးနွေးကြစေလို့ပါတယ်။ ဒေသအကျိုးအတွက်ပါ ” ဟု ပြောသည်။
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းမှ ယခုတွေ့ဆုံဆွေးနွေးမှုမှ ဒေသ အကျိုးအတွက် လိုအပ်နေမှုများကို ပိုမိုတွေ့မြင်လာရကြောင်း ဆိုသည်။
“အစိုးရဆောက်ရွက်ချက်တွေကို ဒေသခံတွေသိသွားသလို ဒေသခံတွေကထောက်ပြပြောဆိုတာ တွေကိုလည်း သိလာရတယ်။ ဒေသအကျိုးအတွက် လိုအပ်နေတာတွေကို ပြန်လည်ပြုပြင်လို့ ရတာပေါ့။ အားလုံး ပေါင်းစပ်ညှိနှိုင်းလို့ရတာပေါ့”ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ပြောသည်။




