(မေလ ၂၈ ရက် ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ - ကောင်းကောင်း၊ DMG)

မေလ ၂၈၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။    ။  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး၏  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နောက်ဆုံးအဆင့်ဆွေးနွေးမှုတွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ အဆိုပြုလွှာတွင်ပါရှိသည့်"ပြည်ထောင်စုက  ခွဲမထွက်ရေးနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်" တို့အား ဆွေးနွေးညှိနှိုင်းခဲ့ရာ အဆင်မပြေကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက"ကျွန်တော်တို့ပြောချင်တာကတော့ မေးစရာမေးခွန်း ရှိတာပေါ့။ပြည်ထောင်စုက ခွဲမထွက်ရပါဘူးဆိုတာကို ကတိမပေးနိုင်ဘူး။အဲဒီလိုဆိုရင် ကျွန်တော်တို့ မေးစရာရှိတာက ဘာလဲ ခွဲထွက်ချင်လို့လား။ဒါမျိုးဖြစ်လာတော့ အပြန်အလှန် ဆွေးနွေးကြတာပေါ့။သို့သော် တိုင်းရင်းသားလက်နက်ကိုင်တချို့ဖက်က ကတိမပြုနိုင်ဘူး။ကတိမပြုနိုင်တဲ့အတွက် ကျန်တဲ့အခြေခံဥပဒေ၊ ကိုယ်ပိုင်ပဌာန်းခွင့်တို့တွေလည်း မရတော့ပါဘူး။"ဟု ယနေ့ အစည်းအဝေးအပြီးတွင် မီဒီယာများသို့ ရှင်းလင်းပြောကြားသည်။

"ပြည်ထောင်စု၏ အစိတ်အပိုင်းဟူသမျှသည် ပြည်ထောင်စုက ခွဲမထွက်ရ။"ဆိုသည့် စာသားသည် ၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၊  ပင်လုံကတိက၀တ်၊ပင်လုံစိတ်ဓါတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုမူနှင့် ဆန့်ကျင်နေကာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ကို ပျက်ပြားစေနိုင်သဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း မေလ ၂၅ ရက်က ကြေညာချက်ထုတ်ပြန်ထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "ညှိနှိုင်းမှု သဘာဝအရ အဆင်ပြေတာရော၊အဆင်မပြေတာတွေရော ရှိပါတယ်။" ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁  ရာစုပင်လံဒုတိယအစည်းအဝေးအတွက် ယနေ့ပြုလုပ်ခဲ့သည့်  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အဖွဲ့ဝင် ၄၈ ဦး မျက်နှာစုံညီအစည်းအဝေးအပြီးတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်ခဲ့သည့်  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးအပြီးတွင် နိုင်ငံရေးကဏ္ဍ အချက် ၂၁ ချက်တွင် "နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး၌ တည်သည်။"အပါအ၀င် အချက် ၁၂ ကိုသာ သဘောတူညီမှုရခဲ့ကြောင်း ဦးဇော်ဌေးက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးအဖွဲ့ဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ငြိမ်းချမ်းရေးဖ်ာဆောင်မှု ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက အဓိက တစ်ချက်ရှိပါတယ်။ အဲ့အချက်က ပြည်ထောင်စုရဲ့အစိတ်အပိုင်းဟူသမျှသည် ပြည်ထောင်စု က ခွဲမထွက်ရ။ခွဲ မ ထွက် ရ ။စာလုံးလေးလုံး။ဒီစကားလုံးအပေါ်မှာ တိုင်းရင်းသားတွေကလက်ခံဖို့ အင်မတန်မှ ခက်ခဲပါတယ်။ကျွန်မတို့ရခိုင်ပြည်နယ်အတွက်လည်း အခက်အခဲတွေအများကြီးရှိတယ်။ ကျွန်မတို့အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ခဲ့ရဘူး။ကျွန်မတို့ရဲ့ဆန္ဒနဲ့ပြည်သူတွေရဲ့ဆန္ဒ တူညီမှုကို အလေးထားရမယ်။ နောက်ပြီး ဒီညီလာခံကိုတင်ပြမယ့် အကြောင်းအရာတွေကိုလည်း ပြည်သူကိုညှိနှိုင်းဖို့ အများကြီးကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့မရခဲ့ဘူး။ရှမ်းနဲ့ရခိုင်မှာမရခဲ့တော့ ဒီနေရာမှာ ဒီစာသားကို လက်ခံလိုက်မယ်ဆိုရင် ကျွန်မတို့မှာ အခက်အခဲရှိတယ်။အကြောင်းအရာတခု ဖြစ်လာရင် တစ်ဖက်ထဲကို ပုံချလို့ဘယ်ကောင်းပါ့မလဲ။ နှစ်ဘက်စလုံးက ညှိရမှာပေါ့။အဲ့ဒါကြောင့်မလို့ အစိုးရတစ်ဖက်ထဲဆိုပြီး ကျွန်မပုံမချဘူး။နှစ်ဖက်စလုံးမှာ ညှိစရာတွေရှိနေလို့ပဲဖြစ်တယ်ဆိုတာ ကျွန်မ ပြောချင်ပါတယ်။”  ဟု DMG  သို့ ပြောသည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး၏ နိုင်ငံရေးကဏ္ဍတွင် "နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ" စသည့်အချက် ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုမှု(ဖွဲ့စည်းပုံနှင့်အာဏာခွဲဝေမှု)၊နှင့်"  ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲခွင့် "ပါဝင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့်အချက်များအား ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေခဲ့ကြောင်းနှင့် နိုင်ငံရေးကိစ္စရပ်များဆွေးနွေးမှုလုပ်ငန်းကော်မတီအစည်းအဝေးများတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ စာတမ်း ၆ စောင်၊တပ်မတော်၏စာတမ်း ၁ စောင်၊နိုင်ငံရေးပါတီအစုအဖွဲ့စာတမ်း ၁ စောင်၊စုစုပေါင်း ၈ စောင်မှ ခေါင်းစဉ်များပြုလုပ်ကာ ကဏ္ဍအလိုက် အချက်အလက်များအား ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

 

Author: ကောင်းကောင်း