ဧပြီလ (၄) ရက်၊ ၂၀၁၈ ခုနှစ်။    ။   ပြည်ထောင်စုအစိုးရကနေ တိုင်းနှင့်ပြည်နယ်ကို နှစ်စဉ်ထောက်ပံ့နေသည့် ပြည်ထောင်စုဘတ်ဂျက်ထောက်ပံ့ငွေမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာခုနှစ်အတွင်း ရခိုင်ပြည်နယ်က ကျပ်သန်းပေါင်း ၁၄၂၃၉၃ သန်းရရှိပြီး အဆင့် ၆ မှာရှိနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရသုံးမှန်းခြေငွေစာရင်းဌာနမှ သိရသည်။ 

၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုမှ အများဆုံးထောက်ပံ့ခဲ့သော တိုင်းနှင့် ပြည်နယ်မှာ ရှမ်းပြည်နယ်ဖြစ်ပြီး ကျပ်သန်းပေါင်း ၂၁၈၆၂၉ သန်း၊ စစ်ကိုင်းတိုင်းက ဒုတိယ အများဆုံးရရှိပြီး ကျပ်သန်းပေါင်း ၁၇၇၁၂၀ သန်းနှင့် ကချင်ပြည်နယ် ၁၅၃၆၄၆ သန်းတို့ဖြစ်သည်။ ထောက်ပံ့ငွေအနည်းဆုံး တိုင်းနှင့်ပြည်နယ်များတွင် ရခိုင်ပြည်နယ်ပါဝင်ပြီး အဆင့် ၆ တွင် ရှိသည်။ 

ရခိုင်ပြည်နယ်အတွက် ရရှိသော ပြည်ထောင်စုထောက်ပံ့ငွေကို ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်ပြကာ အကြံပြုသည့်အတိုင်း လမ်းတံတားတည်ဆောက်ရေးနှင့် လျှပ်စစ်မီးရရှိရေးမှာ အများဆုံးသုံးခဲ့ကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။ 

“ တင်ပြလို့ကတော့ ကျနော်တို့က တောင်းဆိုတာပဲ။ အစည်းအဝေးတိုင်းမှာ ပိုပေးပါဆိုတာမျိုး။ ရခိုင်တစ်ခုတည်းမဟုတ်ဘူး အားလုံး ပြည်နယ်၊ တိုင်းတွေက ဘတ်ဂျက်ပိုလိုချင်တာပဲ။ သို့သော် သူတို့က နိုင်ငံတကာစံချိန်စံညွှန်းနဲ့ တွက်တာ။ အဲဒါကို တောင်းလို့ ရမှာမဟုတ်ဘူး။ တောင်းတာကတော့ တောင်းတယ်။ ဒါပေမယ့် သူတို့တွက်ချက်မှူနဲ့ ပေးတော့ ပေးသလောက်တော့ ရမှာပေါ့။ ” ဟု ၄င်းကပြောသည်။

တိုင်းနှင့်ပြည်နယ်သို့ ပြည်ထောင်စုထောက်ပံ့ငွေ ပေးအပ်သည့် တွက်ချက်ပုံသေနည်းမှာ လူဦးရေ၊ ဆင်းရဲနွမ်းပါးမှူ၊ တစ်ဦးကျ ပြည်တွင်းအသားတင်ထုတ်လုပ်မှူ၊ မြေဧရိယာ၊ မြို့ပြလူဦးရေနှင့် တစ်ဦးကျဝင်ငွေအလိုက် အခွန်စည်းကြပ်မှူများတို့ဖြင့် တိုင်းတာတွက်ချက်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ကောက်ခံခွင့်ရှိသည့် အခွန်များမှာ မြေယာခွန်၊ ယစ်မျိုးခွန်၊ ဆည်များနှင့် တာတမံများကို အရင်းခံသည့် ရေခွန်၊ တာတမံခွန်နှင့် ရေဖြင့်ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားသုံးစွဲခ၊ စီမံခန့်ခွဲခွင့်ရရှိသည့် လမ်းများ၊ တံတားများ ဖြတ်သန်းခ၊ ရေချိုငါးလုပ်ငန်းတွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာ၊ အခကြေး၊ သတ်မှတ်ထားသည့် အကွာအဝေးအတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်းပေါ်တွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာတော်ကြေးတို့ ဖြစ်သည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးမှုနိမ့်ကျခြင်းနှင့် ပဋိ့ပက္ခတို့ကို ဖြေရှင်းရန် လက်ရှိသမ္မတအသစ်က လုပ်ပိုင်ခွင့်ရှိဖို့လိုအပ်ကြောင်း စစ်တွေမြို့နယ်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီမှ နာယက ဦးသန်းထွန်းက ပြောသည်။

“ ရခိုင်ပြည်နယ်ဟာ တိုင်းနဲ့ ပြည်နယ်ထဲမှာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဖြစ်တယ်။ အလွယ်တကူပြောရင် ပဋိပက္ခထူပြားလွန်းတဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံးပြည်နယ်တစ်ခုဖြစ်တယ်။ လက်ရှိသမ္မတအသစ်အနေနဲ့ ရခိုင်ပြည်သူလူထုရဲ့ ခံစားချက်တွေနဲ့ လိုအပ်ချက်တွေကို ဘယ်လောက်ထိ နားလည်ပေးနိုင်မလဲ အရေးကြီးတယ်။ နောက်တစ်ခုက ကိုယ့်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ သယံယာဇာတတွေကို ကိုယ်တို့ ဘယ်လောက်ထိ သုံးစွဲခွင့်ရမလဲအချက်၊ အဲဒီအချက်တွေကို သမ္မတ ဦးဝင်းမြင့်က ဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်မလဲ မူတည်ပါတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တိုင်းပြည်ဝင်ငွေကို အများဆုံးရှာပေးနေသော ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ် ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးဘက်ဂျက်၏ ၃၀ ရာခိုင်နှုန်းကျော်ကို ကျောက်ဖြူသဘာဝဓာတ်ငွေ့က ရှာဖွေပေးထားသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်သည် ဘင်္ဂါလီအရေးများနှင့် အခြားစီးပွားရေးဆိုင်ရာ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသည့် ပြည်နယ်တစ်ခုဖြစ်သလို၊ ဆင်းရဲမွဲတည်မှုအများဆုံး ပြည်နယ်တစ်ခုလည်းဖြစ်သည်။

 

စစ်တွေမြို့၊ အိန္ဒိယရေနက်ဆိပ်ကမ်းစီမံကိန်းအား တွေ့ရစဉ်။ (ဓါတ်ပုံ - ညိုထွန်း / DMG)

Author: နေရောင်မင်း(စစ်တွေ)