
(မေလ ၂၈ ရက် ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ - ကောင်းကောင်း၊ DMG)
မေလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နောက်ဆုံးအဆင့်ဆွေးနွေးမှုတွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ အဆိုပြုလွှာကဏ္ဍတွင်ပါရှိသည့် "ပြည်ထောင်စု၏ အစိတ်အပိုင်းဟူသမျှသည် ပြည်ထောင်စုက ခွဲမထွက်ရ။" ဆိုသည့် စာသားကြောင့် တစ်ရက်ထပ်တိုးဆွေးနွေးနေရခြင်းဖြစ်သည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စောမြရာဇာလင်းက ပြောသည်။
ဒေါ်စောမြရာဇာလင်းက "ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဟူသမျှသည် ပြည်ထောင်စုက ခွဲမထွက်ရ။" ခွဲ မ ထွက် ရ "စာလုံးလေးလုံး။ ဒီစကားလုံးအပေါ် တိုင်းရင်းသားတွေက လက်ခံဖို့ အင်မတန်ခက်ခဲပါတယ်။ ကျွန်မတို့ ရခိုင်တွေအတွက်ဆိုရင်လည်း အခက်အခဲရှိတယ်။ ကျွန်မတို့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ခဲ့ရဘူး။ ကျွန်မတို့ရဲ့ ဆန္ဒနဲ့ပြည်သူတွေရဲ့ ဆန္ဒတူညီကို အလေးထားရမယ်။ နောက်ပြီးတော့လို့ရှိရင် ဒီညီလာခံမှာ တင်ပြမယ့်အကြောင်းအရာ တွေကိုလည်း ပြည်သူနဲ့ညှိနှိုင်းဖို့ ပြည်သူကိုတန်းဖိုးထားတဲ့အနေနဲ့ ကြိုးစားခဲ့တယ်။ဒါပေမယ့် မရခဲ့ဘူး။ကျွန်မတို့က ဒီနေရာမှာ ဒီစာသားကို တခါတည်းလိုက်ခံလိုက်မယ်ဆိုတာ အခက်အခဲရှိပါတယ်။ " ဟု DMG သို့ ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအား မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်ရန် သတ်မှတ်ထားသော်လည်း နိုင်ငံရေးကဏ္ဍတွင် "ပြည်ထောင်စု၏ အစိတ်အပိုင်းဟူသမျှသည် ပြည်ထောင်စုက ခွဲမထွက်ရ။" ဆိုသည့် စာသားကို မေလ ၂၇ ရက်နေ့က ဆွေးနွေးရာတွင် သဘောတူညီမှုမရရှိခဲ့သည့်အတွက် တစ်ရက်ထပ်တိုး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်တပ်မတော် (Arakan Army)စစ်ဦးစီးချုပ်၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC )တွင် CEC နှင့် DPN အဖွဲ့ ဝင်တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးကြီးမင်းထွန်းက"ဗမာခေါင်းဆောင်တွေအနေနဲ့ ခုချိန်ထိပင်လုံစာချုပ်၊ စိတ်ဓာတ်နဲ့ ကတိက၀တ်တွေကို ဘယ်လိုအာမခံချက်ပေးနိုင်အောင် လုပ်မယ်ဆိုတာကို နည်းလမ်းမရှာဘဲ ပြည်ထောင်စုက ခွဲမထွက်ဖို့ကိုပဲ နိုင်ငံရေးတရားဟောသလိုလို၊ ဆူပူကြိမ်းမောင်းသတိပေးသလို လုပ်နေကြတာကတော့ ပင်လုံရဲ့ အနှစ်သာရကို အထူးပဲ ညစ်ညမ်းစေပါတယ်။" ဟု DMG သို့ ဆိုသည်။
"ပြည်ထောင်စု၏ အစိတ်အပိုင်းဟူသမျှသည် ပြည်ထောင်စုက ခွဲမထွက်ရ။" ဆိုသည့် စာသားနှင့် ပတ်သက်ကာ ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်နှင့် ပင်လုံစိတ်ဓါတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုမူနှင့် ဆန့်ကျင်လျှက်ပြီး အဆိုပါအချက်သည် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ပျက်ပြားစေ နိုင်သဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)အနေဖြင့် လက်ခံမည်မဟုတ်ဟု မေလ ၂၅ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မေလ ၂၈ ရက် ယနေ့ပြုလုပ်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လံဒုတိယ အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ နောက်ဆုံးအဆင့်ဆွေးနွေးညှနှိုင်းခဲ့သော်လည်း ပြေလည်မှုမရခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး ကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ကဏ္ဍအလိုက်တတ်သိပညာရှင်များ၊ ဖိတ်ကြားထားသည့်ကိုယ်စားလှယ်များနှင့် လေ့လာသူများအပါအ၀င် ကဏ္ဍတစ်ခုလျှင် တက်ရောက်ဆွေးနွေး သူ ၁၅၀ ဦးရှိကြောင်းနှင့် ယနေ့ဆွေးနွေးချက်များကို မနက်ဖြန်တွင် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ လေ့လာသူများရှေ့တွင် သဘောတူညီချက်ရယူသွား မည်ဖြစ်ကြောင်းလည်း သိရသည်။




