(ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

မေလ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။    ။   အစိုးရသစ် ဆက်လက်အကောင်အထည်ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်တွင် မြောက်ပိုင်းမဟာမိတ် (၇)ဖွဲ့လည်း ပါဝင်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က " ကျွန်တော်တို့က ၂၁ ရာစုပင်လုံမှာလည်း တောင်းဆိုခဲ့ပါ တယ်။ အားလုံးပါဝင်ရေးမှုကို တစိုက်မတ်မတ်တောင်းဆိုခဲ့ပါတယ်။ NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေလည်း လက်မှတ်ထိုးလာအောင်၊ NCA စာချုပ်သည်လည်းပဲ ပြုပြင်သင့်တာတွေ ပြုပြင်လိုရအောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင်မှ ကျွန်တော်တို့ DEMAT လုပ်လို့ရပါ သေးတယ်။ ဒီ NCA စာချုပ်ကိုလည်း DEMAT လုပ်လို့ရတဲ့ သတ္တိရှိအောင်၊ အဲဒီလိုမျိုး ပြုလွယ်ပြင်လွယ်အောင် ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပလို့ရအောင် ရှေ့ကိုသွားမယ့် အနေအထားဖြစ်တာကြောင်း မြောက်ပိုင်းဗဟိုပြုတဲ့ ခုနှစ်ဖွဲ့ကိုလည်းပဲပါသင့်ပါတယ်။ " ဟု ဆိုသည်။

နေပြည်တော်ရှိ ကောင်းကင်နန်းတော်ဟိုတယ် (SKY PLEACE HOTEL) တွင် မေလ ၁၃ ရက် ယနေ့ နေ့လည်က ရခိုင်အမျိုးသားပါတီ ဥက္ကဌနှင့် တိုင်းရင်းသားမီဒီယာများ တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

" အထူးဖိတ်ကြားထားသော်လည်းပဲ ဖွင့်ပွဲနဲ့ပိတ်ပွဲ နှစ်ခုပဲ၊ ကျန်တဲ့ UNFC လူတွေကတော့ တောက်လျှောက်တက်လို့ရတယ်။ သို့သော် DOC ကို ထိုးပြီးခါမှ ဆွေးနွေးခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်ချက်တော့ရှိပါတယ်။ ကျွန်တော်ဖက်ကတော့ နိုင်ငံရေးပါတီကဏ္ဍက NCA မှာ တတိယအင်အားစုအနေနဲ့ ပါလာတဲ့သဘောဖြစ်တယ်။ ကြားဝင်ဖြေပေးတဲ့ အဆင့်ဖြစ်တယ်။ " ဟု သူကဆက်ဆိုသည်။

ထိုမြောက်ပိုင်းခုနှစ်ဖွဲ့ဖြစ်သည့် UWSP  ဝ အဖွဲ့မှ  ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ ဦးစီး ၇ ဦး၊ KIO ကချင်အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးအင်ဘန်လ ဦးစီး ၆ ဦး၊ AA ရခိုင်အဖွဲ့မှ ဒေါက်တာ ညိုထွန်းအောင် ဦးစီး ၂ ဦး၊ TNLA တအောင်း အဖွဲ့က မှူးချုပ် တာဂျုတ်ဂျား ဦးစီး ၃ ဦး၊ MNDAA အဖွဲ့မှ ဒုစစ်ဦးစီးချုပ် ရန်ဝမ်ဂျောင် ဦးစီး ၃ ဦး၊ SSPP ရှမ်း အဖွဲ့မှ ဒုမှူးကြီး စိုင်းဘထွန်း ဦးစီး ၂ ဦး ၊ NDAA မိုင်းလားအဖွဲ့က ဒုဥက္ကဋ္ဌများဖြစ်သော ဦးစံပေ့နှင့်ဦးစံလူ တို့ပါဝင်သော စုစုပေါင်း(၂၅) ဦးသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်ရန်အတွက် မေလ ၂၃ ရက် ယနေ့ နေ့လ ည် ၃ နာရီခန့်က ကူမင်းမှ နေပြည်တော်ကို ရောက်ရှိနေကြောင်း သိရသည်။

Author: ကောင်းကောင်း