
(ဘင်္ဂလားဒေ့ရှ်က ပြန်လာမည့် ဘင်္ဂလီများကို လက်ခံရန် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နှင့် ငါးခူရတို့တွင် စခန်းဖွင့်လှစ်ထားသည်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
ဇန်ဝါရီလ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်များဖြစ်သည့် အထောက်အထားများနှင့် ပြည့်စုံသော ဘင်္ဂလီများကို ပြန်လည်လက်ခံမည်ဖြစ်ပြီး NVC ကဒ်ပါတစ်ခါတည်း ထုတ်ပေးသွားမည်ဟု ပြန်လည်လက်ခံရေးစခန်းထံမှ သိရသည်။
NVC ကဒ်ပါတစ်ခါတည်း ထုတ်ပေးနိုင်ရန်အတွက် စက်ပစ္စည်းနှင့် ဝန်ထမ်းအင်အား အပြည့်အစုံဖြင့် ပြင်ဆင်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ပြောသည်။
“ BIO-Metric နဲ့ မှတ်တမ်းတင်၊ မှတ်တမ်းယူမယ့် လုပ်ငန်းစဉ်ကို တစ်ခါတည်း ဆောင်ရွက်မှာပါ။ NVC ကဒ်ထုတ်ပေးမယ့် လုပ်ငန်းစဉ်ကိုလည်း တစ်ခါတည်းဆောင်ရွက်ပြီး ဒီကတ်ပါ တစ်ခါတည်း ထုတ်ပေးလိုက်မှာပါ။ ” ဟု ပြောသည်။
ပြန်လည်လက်ခံရေးအတွက် အဆင်ပြေအောင် အချက်အလက်ဖြည့် ဖောင်စာရွက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ထားသော်လည်း ယင်းဘက်က ယခုအချိန်ထိ ပြန်လည်ပို့မည့် ဘင်္ဂလီများစာရင်း မပို့ပေးသေးကြောင်း သိရသည်။
မြန်မာအစိုးရက ယခင်ပေးပို့ထားသော အချက်အလက်ဖြည့်ဖောင်စာရွက်ပါတိုင်း လက်ခံမှာမဟုတ်ဘဲ ပြန်လည်လက်ခံရေးစခန်းတွင် သေချာစိစစ်ပြီးမှ လက်ခံမည်ဖြစ်ကြောင်း ဦးကိုကိုသော်က ပြောသည်။
“ ကျနော်တို့က သုံးသိန်းပို့တိုင်း သုံးသိန်းလုံးကို လက်ခံမှာမဟုတ်ဘူး။ ပြန်လည်လက်ခံရေးစခန်းမှာ သေချာစိစစ်မှာပါ။ အဓိကတော့ အထောက်အထားတစ်ခုခုပါရမယ်။ အိမ်ထောင်စုစာရင်းဖြစ်ဖြစ်၊ အသိအမှတ်ပြု ကတ်တစ်ခုခုပေါ့။ ကတ်မှာ နံပါတ်တွေပါတယ်။ အဲဒီနံပါတ်တွေကို စိစစ်မယ်ပေါ့။ ပြီးတော့ ဒီမှာနေခဲ့တယ်ဆိုတဲ့ အထောက်အထားပေါ့။ ဒါမှ ပို့လိုက်တဲ့အထဲက ၁၀၀ ဆိုရင် ၅၀ က အထောက်အထားပြည့်စုံရင် လက်ခံမှာပါ။ ဒီလူကတော့ လက်ခံလို့မရဘူးပေါ့။ အဲလိုစီစဉ်ထားပါတယ်။ ” ၄င်းက ပြောသည်။
အထောက်အထားလည်း တစ်ခုမှမပါ၊ မသာမာသော နည်းလမ်းဖြင့် ဝင်လာလျှင် မြန်မာနိုင်ငံ၏ လဝက ဥပဒေ သို့မဟုတ် တည်ဆည်းဥပဒေဖြင့် အရေးယူရလိမ့်မည်ဟု ဦးကိုကိုသော်က ပြောသည်။
ဘင်္ဂလီများကို တစ်ရက်လျှင် ၁၅၀ သာ လက်ခံမည်ဖြစ်ပြီး ဘယ်အချိန်ကာလမှာပြီးမည်ဆိုသည်ကို အထက်က ညွှန်ကြားချက်မပို့ပေးသေးကြောင်း၊ တာဝန်ပေးလျှင် တာဝန်ပေးသလောက် လက်ခံရရေးကို ဆက်လုပ်ရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ပြောသည်။
ပြန်လည်လက်ခံမည့် ဘင်္ဂလီများစာရင်း ဘင်္ဂလားဒေ့ရှ်ဘက်က မပေးပို့သည်မှာ ယင်းဘက်က အဆင်သင့်မဖြစ်သေးကြောင်းသိရပြီး ယင်းအပြင် ပြန်လာမည့် ဘင်္ဂလီများကို မသွားဖို့ နောက်ကွယ်က သွေးထိုးလှုံ့ဆောင်မှုများ ရှိနေကြောင်း မောင်တောရှိ ဘင်္ဂလီအသိုင်းအဝိုင်းထံမှ သိရသည်။

(ပြန်လည်လက်ခံသည့် ဘင်္ဂလီများကို ထားရှိမည့် တောင်ပြိုလက်ဝဲမြို့က စခန်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကြည့်ရှုစစ်ဆေးနေစဉ်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)




