ဖဒူ ထွန်းအောင်၊DMG

အောက်တိုဘာလ ၁၆၊စစ်တွေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်ဝင်လာမည့် ဘင်္ဂါလီများကို မောင်တောတောင်ပိုင်းတွင် လက်မခံဟု ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgenrကို ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ တွင် တင်ပြလိုက်သည်။

“နောက်(သူ)ပြောတာက ဟိုဘက်(ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်)က လူတွေ ဒီဘက်ကို မလာနိုင်သေးဘူးဆိုပါ။  မဝင်လာနိုင်သေး ဘူးဆိုတာက သူတို့က မဝင်လာလို့ မဝင်ဖြစ်တာပေါ့။ ငါတို့က ပြောတာပေါ့။ဝင်လာဖို့အတွက် ဒီဘက်မှာ စခန်းတွေ လုပ်ထားတယ်လို့။ ငါတို့ကတော့ ဒီကိစ္စတွေမှာသိပ်ပြီးပြောစရာမရှိဘူး။ ငါတို့သဘောထားကတော့လွှတ်တော်ကပြောပြီးပြီပဲ။မောင်တောတောင်ဘက်ပိုင်းမှာ နေရာ မချဖို့ဆိုပြီး အဆိုတင်ပြီး ပြောထားတာ ရှိတယ်” ဟု ဦးစံကျော်လှက ကုလကိုယ်စားလှယ်ကို တင်ပြသည့်အကြောင်းကို ပြောသည်။

မောင်တောမြို့နယ်တောင်ပိုင်းဒေသမှာ ဘင်္ဂါလီကျေးရွာများကို တည်ဆောက်မပေးရန်  ပြည်နယ်လွှတ်တော်တွင် ပြီးခဲ့သည့် ဧပြီလအတွင်းတွင် လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက အဆိုတင်သွင်းခဲ့သည်။

ယင်းနေရာတွင် နိုင်ငံသားမဟုတ်သူများကို ပြန်လည်နေရာချထားပေးမည်ဆိုလျှင် အကြမ်းဖက်မှုများဖြစ်လာအောင် ဖိတ်ခေါ်သကဲ့ဖြစ်နေမည်ဟု အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို လွှတ်တော်၏ သဘောထားအဖြစ် အထူးကိုယ်စားလှယ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။

အလားတူ မောင်တောတောင်ပိုင်းမှာ တိုင်းရင်းသားများလုံခြုံမှုရှိသည့် ရပ်ဝန်းတစ်ခုကို ဖန်တီးရန် လိုအပ်သောကြောင့် ယင်းနေရာတွင် ဘင်္ဂလီများကို ပြန်လည်နေရာချထားမည့်အစီအစဉ်ကို လက်မခံကြောင်းလည်း ရခိုင်လူမှုအဖွဲ့အစည်းများက ဖေဖော်ဝါရီလအတွင်းက ဆုံးဖြတ်ထားကြသည်။

ဘင်္ဂါလီဒုက္ခသည်များကို မူလနေရာတွင် ပြန်လည်နေရာချထားစေချင်ကြောင်းနှင့် လွတ်လပ်စွာ သွားလာခွင့်ရရှိရေးတို့ကို Ms.Christine Schraner Burgenrက ရခိုင်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှ ကို တင်ပြခဲ့သည်။

 “အဲဒီအခက်အခဲတွေနဲ့ပတ်သတ်ပြီး အတတ်နိုင်ဆုံး လွှတ်တော်ကလည်း တတ်နိုင်သလောက် ဖြေရှင်း ပေးဖို့ (သူကပြောတယ်)။ငါတို့ကတော့ ပြောတာပေါ့။ တကယ်လို့ အခက်အခဲရှိရင်တော့ အစိုးရအဖွဲ့နဲ့ညှိနှိုင်းပြီးတော့ ပြောပေးပါမယ်လို့ ပြောလိုက်တာပဲ ” ဟု ဦးစံကျော်လှက ဆိုသည်။

အထူးကိုယ်စားလှယ်သည် စစ်တွေမြို့ သက္ကေပြင်စခန်းနှင့် အောင်မင်္ဂလာရပ်ကွက်တို့ကို  သွားရောက်ကာ ဘင်္ဂလီလူမှုအသိုင်းအဝန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။