ယခုနှစ် နှစ်ဦးပိုင်းက ပြန်လည်ဝင်ရာက်လာသော ဘင်္ဂါလီများကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG

နိုဝင်ဘာ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်၊ ဖဒူ ထွန်းအောင် / DMG

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာကြမည့် ဘင်္ဂါလီများအနေဖြင့် မောင်တောတောင်ပိုင်းတွင်ဖြစ်စေ၊ မြောက်ပိုင်းတွင်ဖြစ်စေ နေလိုလျှင် နေခွင့်ပြုမည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က DMG ကိုပြောသည်။

၎င်းတို့ ဝင်လာလျှင် မောင်တောမြို့နယ် လှဖိုးခေါင်းကြားစခန်းတွင် ယာယီနေရာချထားပေးမည်ဖြစ်သည်။ ယင်းမှ တစ်ဆင့် စိစစ်ပြီး နေထိုင်ခဲ့သည့်ဒေသ၊ နေလိုသည့်ဒေသများကို မေးမြန်းပြီး နေရာချထားပေးမည်ဟု ဦးဝင်းမြင့်က ဆိုသည်။

“အဲဒါကတော့ သူတို့နေလိုရင်တော့ ထားပေးရမှာပေါ့။ မူလနေရာမှာ သူတို့လုပ်ကိုင်စားသောက်ခဲ့တဲ့နေရာ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒီလို နေရာမျိုးမှာ နေလိုတယ်ဆိုရင်လည်း မထားပေးလို့ မရဘူးလေ ” ဟု ဦးဝင်းမြင့်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီများကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်ပြီး ရခိုင်ဒေသခံများက ကန့်ကွက်မှု များမရှိကြပေ။ သို့သော် မောင်တောတောင်ပိုင်းဒေသတွင် နေရာမချထားရန် ဆန္ဒပြ တောင်းဆိုမှုများလည်း ရှိနေသည်။

မောင်တောတောင်ပိုင်းသည် ပင်လယ်ပြင်နှင့်ထိစပ်နေသည့်အပြင် မေယုတောင်တန်းနှင့်လည်း ထိစပ်နေသောကြောင့် အကြမ်းဖက်သမားများ ဝင်ရောက်အခြေချမည်ကိုစိုးရိမ်မှုကြောင့် ကန့်ကွက်နေရခြင်းဟု ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးဝင်းမြင့်က “အဲဒါကတော့ တစ်ဦးနဲ့ တစ်ဦးအပေါ်မှာ မူတည်တယ်။ လူလာတာနဲ့  တစ်ခါတည်း ငါ့ကိုသတ်တော့မယ်လို့ ပြောလို့မရဘူးလေ။ အဲဒါတွေက အစိုးရိမ်လွန်တယ်လို့ ကျနော်က ပြောချင်တယ် ”ဟု ဆိုသည်။

ဘင်္ဂါလီများကို မောင်တောတောင်ပိုင်းတွင် နေရာမချထားရန်အတွက်  ရခိုင်ပြည်နယ်လွှတ်တော်၊ ရခိုင်အမျိုးသား ပါတီတို့ကလည်း လိုလားနေကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီများကို နှစ်နိုင်ငံသဘောတူညီချက်အရ ပထမအသုတ်အဖြစ် လူဦးရေ ၂၀၀၀ ကျော်ကို စတင်လက်ခံမည်ဖြစ်ကာ တစ်ရက်ကို (၁၅၀) ဦး လက်ခန့်မည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

၎င်းတို့ကို နိုင်ငံသားစိစစ်မှု သက်သေခံ ကတ်ပြား NVC ကဒ်ထုတ်ပေးမည်ဖြစ်ကာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်သည်။ ယင်းအပြင် မောင်တောဒေသတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဟုလည်း အစိုးရက ပြောဆိုထားသည်။