ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ဟာ မတရားအသင်းနဲ့ ဆက်နွယ်တဲ့သူတွေလည်း မဟုတ်ဘူး။ ပြီးတော့ ဒီမိုကရေစီခေတ်ကြီးမှာ မိမိကြိုက်နှက်သက်တဲ့သူတွေကို ထောက်ခံပြောဆိုတာ၊ ကြိုဆိုတာတွေကို တားဆီးတာဟာ မကောင်းဘူး။ ဒီမိုကရေစီနိုင်ငံမှာ သုံးခွင့်ရှိမယ်လို့ ထင်ပါတယ်။ ” ဟု ပြောသည်။
ကျောက်တော်တစ်မြို့နယ်လုံးက ပြည်သူများမှ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး သာသနာ့ဗိမာန်အဆောက်အဦးမှာ လူစုပြီး မြို့ကိုပတ်ကာ ပြန်လည် သာသနာ့ဗိမာန်မှာ ပြန်လည်ဆုံ၍ လူစုခွဲခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို ချက်ခြင်းလွှတ်ပေးရေး၊ ရဟန်းသင်္ဃာတော်များအား လေးစားစွာဆက်ဆံပါ၊ မတရားအသင်းဥပဒေ ဖျက်သိမ်းပေးပါ၊ တိုင်းရင်းသားများကို အစိုးရမှ လေးစားပါနှင့် လူ့အခွင့်အရေးအရ မိမိယုံကြည်ရာကို လုပ်ခွင့်ရှိသည် စသည့်အချက်များဖြင့် ကြွေးကြော်ခဲ့ကြကြောင်း ၄င်းကဆိုသည်။
ရက္ခိုင့်တပ်မတော်နေ့ (၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နှင့် ဘောလုံးပွဲကျင်းပခြင်းမှာ မတရားအသင်း အက်ဥပဒေနှင့် ငြိစွန်းသည်ဆိုပြီး မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့မ ရဲစခန်းမှ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
မြောက်ဦးအခြေစိုက် ခမရ-၅၄၀ တပ်ရင်းက အရေးယူပေးရန် တိုင်တန်းလာခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်း ဖြစ်သည်ဟု မြောက်ဦးမြို့မရဲစခန်းထံမှ သိရသည်။
မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မြတန်ဆောင်းဘုန်းကြီးသင် ပညာရေးကျောင်းမှ ဖမ်းဆီးခဲ့ပြီး ယင်းနေ့ ချက်ခြင်း စစ်တွေသို့ ယူဆောင်ကာ ဆရာတော်အား လူဝတ်လဲပြီး စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။
ဧပြီလ ၂၄ ရက်နေ့တွင် ဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးမှူများ စတင်ဆောင်ရွက်ခဲ့ကြသည်။




