ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ / DMG

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ဘေးရှောင်သူ ၈၀၀ ကျော်အထိရှိနေပြီဖြစ်ကြောင်း ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ သိရသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များမှာ ကျောက်တော်မြို့နယ် ကန်စောက်၊ သလူချောင်း၊ င/စရိုင်းကိုင်း၊ ကျွန်းသာယာ၊ ပညာဝ၊ ခရုမော် စသည့်ကျေးရွာများတွင် စစ်ရှောင် ၄၀၀ ဦးခန့်ရှိပြီး ပုဏ္ဏားကျွန်း မြို့နယ် အထက်သင်းပုန်းတန်းကျေးရွာတွင် ၃၃၉ ဦးနှင့် ဘူးသီးတောင်မြို့နယ် စိုင်ဒင်ကျေးရွာတွင် ၁၂၀ ဦးတို့ ရှိကြောင်း သိရသည်။

တိုက်ပွဲရှောင်များ လတ်တလောနေထိုင်စားသောက်ရေးအတွက်ကို ကူညီထောက်ပံ့ပေးနေကြောင်း ရခိုင် အမျိုးသားပါတီ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်မှ ပြောသည်။

“ ကျောက်တော်မြို့နယ်မှာတော့ စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်လောက်ရှိတယ်။ သူတို့အတွက် အဓိက လိုအပ်နေတာက အနွေးအထည်နဲ့ စောင်တွေပဲ။ ဒီရာသီက အေးတဲ့ရာသီဖြစ်သလို အဲဒီနေရာဟာလည်း အရမ်းအေးတဲ့ဒေသပါ ” ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများမှာ ဒီဇင်ဘာလ အစောပိုင်းကစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ အနီး ပတ်ဝန်းကျင်များမှ ရွာသားများထွက်ပြေးတိမ်းရှောင်ရသည်အထိ တိုက်ပွဲများပြင်းထန်ခဲ့သည်။

စစ်ဘေးရှောင်များကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရခိုင်အမျိုးသားပါတီ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကူညီ ပံ့ပိုးမှုများရှိသော်လည်း ရေရှည်နေထိုင်ရမည်ဆိုလျှင် ခက်ခဲလာနိုင်ကြောင်း ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော်မှပြောသည်။

“နောက်ရက်တာရှည်ကြာလာရင် စစ်ဘေးရှောင်တွေအတွက် ခက်ခဲလာနိုင်တယ်။ ပြီးတော့ ကလေးတွေ ပါလာတဲ့အတွက် ပညာရေး၊ ကျန်းမာရေးတွေကအစ စိုးရိမ်စရာတွေရှိလာပါတယ်။ အခုရောက်နေတဲ့ သူတွေထဲမှာ ၁၈ နှစ်အောက်ကလေးတွေ အများဆုံးပါဝင်နေတယ်။ ဒီမှာတော့ ကျောင်းထားပေးဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ကျောင်းပြောင်းရတာတွေ၊ ပညာသင်ယူမှုတွေ ခက်ခဲလာနိုင်တယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်နေရာအချို့မှာ သဲသောင်ပြင်တွင် တဲထိုးနေထိုင်နေကြရပြီး အများစုမှာ အမိုးအကာနှင့် အနွေး အထည်များလိုအပ်နေသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ကိုအမ်းသားကြီးက ပြောသည်။

“ကန်စောက်ဒုက္ခသည်စခန်းမှာဆိုရင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာနေကြပါတယ်။ သူတို့မှာ ထမင်းချက် စားဖို့ အိုးခွက်တွေပါမလာပါ။ ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်း ဒုက္ခသည်တွေမှာဆိုရင် ကမ်းခြေ သောင်ပြင်မှာ တဲထိုးပြီးတော့နေကြတာပါ။ သူတို့မှာ ဆောက်လုပ်နေဖို့ အမိုးအကာ၊ အနွေးထည်တွေ၊ စောင်တွေလိုအပ်နေပါတယ် ” ဟု ပြောသည်။

လတ်တလောတိုက်ပွဲများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် MNTJP၊ PSLF၊ ULA တို့နှင့် တိုက်ပွဲများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ရပ်ဆဲ ထားမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်က ယနေ့ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းမှ မောင်နှမကျေးရွာ၊ ပညာဝကျေးရွာ၊ ပကာဝကျေးရွာနှင့် ဆင်ချိုင်ကျေးရွာအနီးတို့တွင် ယနေ့ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ မြန်မာတပ်မတော်နှင့် တိုက်ပွဲများပြင်းထန်ဆဲဖြစ်ကြောင်း ရက္ခိုင် တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ - သင်းပုန်းတန်းကျေးရွာတွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များ