နိုဝင်ဘာ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင် / DMG

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းစက်လှေများ မောင်တောခရိုင်အနီး မြန်မာ့ရေပိုင်နက်အတွင်း ခိုးဝင် ငါးဖမ်းဆီးမှုများရှိနေကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

နိုဝင်ဘာလ (၁၂)ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေများ မောင်တောမြို့နယ်၊ အောင်ဗလ ကျေးရွာအနီး နတ်မြစ်ကမ်းအထိ လာရောက်ငါးဖမ်းခဲ့ကြသည်ဟု ဒေသခံများထံက သိရသည်။

“မြန်မာ ရေပိုင်နက်ကို ဝင်ရောက်လာတဲ့အတွက် ရေတပ်ကို အကြောင်းကြားထားပါတယ်။ မနေ့ကတော့ မြန်မာ့ရေပိုင်နက်ကို ကျူးကျော်လာတယ်လို့ သိရတယ်။ နောက်ထပ်ကျူးကျော်မှုတွေ မရှိအောင် ဆောင်ရွက်ထားတယ် ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ဆိုသည်။

ယင်းသို့ ခိုးဝင် ငါးဖမ်းဆီးနေမှုကြောင့် ရေလုပ်ငန်းဖြင့် အသက်မွေးနေကြသော အောင်ဗလကျေးရွာသူ/ သားများမှာ ငါးရှာရန် မသွားဝံ့ကြတော့ပေ။

"သူတို့ ငါးဖမ်းစက်လှေတွေက အတော်ကြီးပါတယ်။ ကျွန်တော်တို့ ငါးရှာသွားတဲ့ လှေက ငယ်ငယ်လေးပါ။  သူတို့ တစ်ခုခု အန္တရာယ်ပြုလာရင်  ကျွန်တော်တို့ပဲ ခံရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ငါးရှာ၊ ဂဏန်းရှာ မြစ်ထဲ မသွားဝံဖြစ်နေကြတာ။ မနေ့ကဆိုရင် ဘင်္ဂလားငါးဖမ်းလှေက မောင်တော နတ်မြစ်ကမ်းနဲ့ အနီးဆုံးကို ရောက်လာတာပါ။ ဘင်္ဂလာငါးဖမ်းစက်လှေကြီးတွေက အုပ်စုလိုက်ပါ ။အနည်းဆုံး ဘုတ်(၁၀)ကျော်၊(၂၀)နီးပါး ဘင်္ဂလားအလံတွေထောင်ပြီး ငါးရှာနေကြတာပါ "ဟု အောင်ဗလကျေးရွာက ရေလုပ်သား  ကိုမောင်တင်လှက ပြောသည်။

ယင်းသို့ တစ်ဖက်နိုင်ငံက ခိုးဝင်ငါးဖမ်းနေမှုကြောင့် အောင်ဗလ ကျေးရွာက ဒေသခံများအပြင် ဥဒေါင်းကျေးရွာ စသည့် ကျေးရွာများက ဒေသခံများမှာ ငါးရှာရန် မသွားဝံ့ ဖြစ်နေကြသည်။

Author: ချလူးအောင်