
စိမ်းကိုကို၊ DMG
စက်တင်ဘာ ၁၀၊ စစ်တွေ
မြန်မာနိုင်ငံတွင် တရားရေးမဏ္ဍိုင် မတည့်မတ်ကြောင်းကို ယနေ့ သက်သေပြလိုက်သည်ကို ယနေ့တွေ့မြင်လိုက်ရ ကြောင်း ဖမ်းဆီးခံထားရသည့် စာရေးဆရာဝေဟင်အောင်က ပြောဆိုလိုက်သည်။
စာရေးဆရာဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့ကို ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ရုံးချိန်းတွင် စစ်တွေ ခရိုင်တရားရုံး၌ စွဲချက်တင်သင့် မတင်သင့်ကိုဆုံးဖြတ်ခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅(ခ)တို့ဖြင့်စွဲချက်တင်ခံရကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) တစ်ခုကိုသာ ပယ်ဖျက် လိုက်သည့်ခြင်းနှင့်ပတ်သက်ပြီး မီဒီယာများအပေါ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ကတော့စွဲချက်တင်သင့်မတင်သင့် အမိန့်ချတယ်ပေါ့။ အဲဒီမှာ နိုင်ငံတော်ပုန်ကန်မှု ၁၂၂ နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)တို့ကိုစွဲချက်တယ်။ မတရားအသင်းဆက်သွယ်မှုကိုတော့ သူတို့ဖျက်ပေးလိုက်တယ်ဗျ ။ အမှန်တကယ်ဆိုရင် ၁၉၇၃ စကားရပ်များဥပဒေအရဆိုရင် စွဲချက်က တစ်ခုပဲတင်ရမှာ အခု နှစ်ခုတောင်တင်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံတရားရေးမဏ္ဍိုင်ဟာ မတည့်မတ်ဘူးဆိုတာကို ဒီနေ့ ကျွန်တော်တို့ တွေ့လိုက်ရတယ်”ဟု ပြောသည်။
စာရေးဆရာဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့ကို ရသေ့တောင်မြို့ပေါ်တွင် ပြုလုပ်ခဲ့သော စာပေဟောပြော ပွဲနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ မတရားအသင်းဆက်သွယ်မှု တို့ဖြင့် ဖမ်းဆီးခံထားရခြင်းလည်းဖြစ်သည်။
စာရေးဆရာဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့ကိုလာမည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထပ်မံရုံးချိန်းဆို လိုက်ကြောင်းလည်းသိရသည်။




