(မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ MCPWC မှ ထုတ်ပြန်ချက်)

မေလ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်၊ ကျောက်ဖြူ (DMG) ။    ။   ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်နိင်ငံသို့တင်ပို့သော သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းကို မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ MCPWC မှ မေလ ၂၂ ရက်နေ့တွင် မြန်မာ-တရုတ် ရေနံနှင့်ဓာတ်ငွေ့ စီမံကိန်းအပေါ် အကြံပြုတိုက်တွန်းချက် ထုတ်ပြန်ချက်ထားကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သတ်ပြီး “ အဓိကတော့ လက်ရှိအစိုးရမှ တာဝန်ရှိတာပေါ့ တာဝန်ပျက်ကွက်မှုရှိတဲ့အပေါ် တာဝန်ယူစေချင်ပါတယ်။ နိုင်ငံဖြတ်ကျော် ရေနံပိုက်လိုင်းတွေက အခုမှစတာပေါ့နော်။ ကျနော်တို့ နိုင်ငံအနေနဲ့ အခုလို အကြီးတန်း ရေနံတင်သင်္ဘောကြီးတွေ စတင်ဝင်ရောက်တဲ့အခါမှာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေ နိုင်ငံတာက စံချိန်စံညွှန်းတွေ အဓိကရှိဖို့လိုတယ်လို့ ကျနော်ပြောချင်ပါတယ်။ ရေနံစိမ်တင်တဲ့သင်္ဘောက အင်မတန်မီးလောင်လွယ်တဲ့အရာတွေကို တင်ဆောင်ပို့ဆောင်တဲ့အတွက် တရားဥပဒေက အင်မတန်အရေးကြီးပါတယ်။ အဓိကတာဝန်ယူတဲ့သူတွေ၊ ဆိမ်ကမ်းအာဏာပိုင်တွေအနေနဲ့ အားကောင်းဖို့လိုပါတယ်။ ” ဟု MCPWC မှ ညှိနှိုင်းရေးမှူး ကိုရဲသိန်းဦးက ပြောသည်။

ဆက်လက်ပြီး တစ်စုံတစ်ခုကြောင့် ပင်လယ်ပြင်တွင် ရေနံများဖိတ်စင်ခဲ့လျှင် နိုင်နိုင်နှင်းနှင်း ကိုင်တွယ်နိုင်သည့် နည်းစနစ်များ ရှိဖို့လိုအပ်ကြောင်း၊ ၇၁၁ ကီလိုမီတာရှည်လျားသည့် ပိုက်လိုင်းမှာ လယ်ယာ၊ မြစ်ချောင်းများကို ဖြတ်သန်းသွားနေရသည့်အတွက် တစ်စုတစ်ခု ယိုစိမ့်ပေါက်ပြဲခဲ့လျှင် ရေမြေတောတောင်နှင့် ဒေသခံများကို ထိခိုင်နိုင်ပြီး ချက်ချင်းဆောင်ရွက်နိုင်မည့်အချက်သည် ပိုအရေးကြီးကြောင်း မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ MCPWC မှ ညှိနှိုင်းရေးမှူး ကိုရဲသိန်းဦးက ဆိုသည်။

“ ဆိမ်ကမ်းအာဏာပိုင်တွေက အဲ့ဒီ ရေနံတင်သင်္ဘောတွေကို စစ်ဆေးတာ ဘယ်လောက်ထိ ရှိနေပြီးလဲ ဒါကိုလဲပွင့်လင်းမြင်သာဖို့လိုပါတယ်။ ကျနော်လေ့လာ သလောက်ဆိုရင် လက်နက်ကိုင် လုံခြုံရေးယူတာလောက်ဘဲ မျက်မြင်ကိုယ်တွေ့မြင်ရပြီး ကျန်တဲ့အရာတွေကို ဆိမ်ကမ်းအာဏာပိုင်တွေက စစ်ဆေးကွပ်ကွဲပြီ နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်တာမရှိပါဘူး။ ရှိရောရှိရဲ့လားလို့ ကျနော်တို့ မေခွန်းထုတ်စရာရှိပါတယ်။  ” ပာု ၄င်းက ဆက်လက်ပြောသည်။

မဒေးကျွန်းတွင် CNPC တရုတ်ကုမ္ပဏီအား ဒေသခံများမှ ၄င်းတို့နှစ်နာချက်အပေါ် မေလအတွင်း၂ ကြိမ်ဆန္ဒထုတ်ဖော်ခဲ့ပြီး ၂၂ ရက်နေ့တွင် စက်လှေ ၁၀၀ ကျော် လူအင်အား ၁၀၀၀ ခန့်ဖြင့် ကျောက်ဖြူမှ မဒေးကျွန်းဆိမ်ကမ်းအထိ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ ယနေ့အထိ လာရောက်ဖြေရှင်းပေးခဲ့ခြင်း မရှိကြောင်း မဒေးကျွန်းဒေသခံ ငါးဖမ်းသမားများက ပြောဆိုကြသည်။

 

Author: ဟန်ထူးဇော်