စက်တင်ဘာလ ၁၉ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။    ။   မြန်မာ-ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ယခုကာလအတွင်း ချက်ချင်းဆောင်ရွက်နိုင်ရေး အတွက် ပထမအဆင့် အနေဖြင့် ငွေကျပ် (၂၀) ဘီလီယံကို နိုင်ငံတော်အစိုးရက လက်ငင်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအား ယခင်ဆောင်ရွက်သည့်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ပုံငွေ တင်ပြတောင်းခံ၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားစေမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် ၂၀၀၉-၂၀၁၀ ခုနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ် အထိ ဘဏ္ဍာရေးနှစ်များအတွင်း နှစ်စဉ်မူလခန့်မှန်းခြေ ငွေစာရင်းနှင့် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်း ငွေကျပ်ဘီလီယံ (၁၉၀) ကျော်ကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်း အပ်နှံဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ငွေကျပ် (၆) ဘီလီယံကျော်ကို ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနသို့ အပ်နှံဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယင်းအပြင် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ငွေကျပ် (၂) ဘီလီယံကျော်ကို ထပ်မံသုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ခြံစည်းရိုးကာရံရန် ကျန်ရှိ နေသည့်နေရာများကို အဆင့်မီ လုံခြုံစွာကာရံခြင်းနှင့် ပျက်စီးနေ သည့်နေရာများ ပြုပြင်ခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်ရန်နှင့် လို အပ်သည့် ဘဏ္ဍာငွေကို နိုင်ငံ တော်အစိုးရက ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားထားသည်။

ရခိုင်ပြည်နယ်အတွင်း အရေးကြီးသော မေယုတောင်တန်းနှင့်အပြိုင် ဖောက်လုပ်မည့် လမ်းမကြီး(၂)လမ်း၊ မေယုတောင်တန်းကို ဖြတ်ကျော်ဖောက်လုပ်မည့် မေယုတောင်ကျော်လမ်းမကြီး (၂)လမ်း ပါဝင်သော မေယုတောင်တန်းလမ်း ကွန်ရက်ဖောက်လုပ်ရေး စီမံကိန်းကို အမြန်ဆုံးဖောက်လုပ်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနအား တာဝန်ပေးအပ်ထားပြီး ဆောင်ရွက်နေပြီဟု သိရသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် မေယုတောင်တန်းလမ်းကွန်ရက်စီမံကိန်း လုပ်ငန်းများ အတွက် လိုအပ်သောဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက တာဝန်ယူ၍ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးနှင့် မောင်တောဒေသလုံခြုံရေးတို့ကို ပိုမိုထိရောက် ကောင်းမွန်လာစေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးကဆိုသည်။

Author: နေရောင်မင်း(စစ်တွေ)