ခိုင်ရိုးလ၊ DMG
အောက်တိုဘာ၁၅ ၊စစ်တွေ
မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးတွင် နေထိုင်ကြသောဘင်္ဂါလီများကိုအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကအဖွဲ့က လာမည့် နိုဝင်ဘာလတွင်စတင်အကူညီပေးသွားမည်ဟု ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောသည်။
အဆိုပါ ဘင်္ဂါလီများကို ICRC အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကူညီ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။ ယင်းသို့ကူညီထောက်ပံ့ခြင်းကို လက်မခံသောကြောင့် မြန်မာဘက်မှ တစ်ဆင့် ICRC က အကူအညီပေးရန် သဘောတူထားခြင်းဟု ဗိုလ်မှူးကြီး ဖုန်းတင့်က ဆိုသည်။
“ အဓိကတော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ သက်ရောက်တဲ့ နေရာမှာရှိတဲ့အတွက် ကူညီဆောင်ရွက်မှာဖြစ်ပါတယ်။ သူတို့ကလည်း ICRC နဲ့တွေဆုံခဲ့အခါ လက်ခံခဲ့အတွက် ဒီရှေ့လမှာဆိုရင် နိုင်ငံတော်အဆင့်ကနေပြီးတော့ ကူညီရမယ့်နေရာတွေကို သတ်မှတ်ပြီးလို့ရှိရင် ဆောင်ရွက်သွားမှာပါ ” ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် ကပြောသည်။
အဆိုပါ ဘင်္ဂါလီများမှာ ပြီးခဲ့သည့်နှစ်က မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့သူများပြီး ဘင်္ဂါလီများအား မြန်မာဘက်က အကူအညီပေးမည့် အစီအစဉ်များနှင့်ပတ်သတ်၍ မောင်တော ဒေသခံ ၃၀၀ ဦးက စက်တင်ဘာလအတွင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
သူတို့သည် အစိုးရအား ဆန့်ကျင်ပြီး မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသည့် ဘင်္ဂါလီများဖြစ်သောကြောင့် ကူညီရေး မပြုလုပ်ရန် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။




