သြဂုတ်လ (၁၈) ရက်၊ ၂၀၁၈ ခုနှစ်၊ DMG/နေ၀င်းစံ။

ကျောက်ဖြူမြို့နယ် မြဒေးကျွန်းမြစ်ရေပြင်ညစ်ညမ်းနေမှုမှာ လူနှင့်ရေသတ္တဝါတို့ အန္တရာယ်ရှိနိုင်သည့် စံနှုန်းသတ်မှတ်ချက်ထက်ကျော်နေကြောင်း အဆိုပါရေအား ဓါတ်ခွဲစမ်းသပ်ခဲ့သည့် ရန်ကုန်မြို့ ပတ်ဝန်းကျင်ရေးရာဓါတ်ခွဲခန်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သြဂုတ်လ ၁၇ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

၎င်းမြစ်ရေပြင်တွင် ၂ မိုင်ခန့်အကျယ်ရှိ မဲညစ်နေသောရေအားတွေ့ရှိရသည့်အတွက် သြဂုတ်လ ၃ ရက်နေ့တွင် ရေနမူနာကိုယူပြီး ရန်ကုန်မြို့စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဓါတ်ခွဲ ခန်းတွင် စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ညစ်ညမ်းနေသည့်ရေနမူနာအား ရူပဓာတုဂုဏ်သတ္တိ ၁၆ မျိုးကို စမ်းသပ်စစ်ဆေးခဲ့ရာ သတ်မှတ်စံနှုန်းထက် ခဲဓါတ်မှာ ၁၀ ဆ၊ ဗီနောဓါတ်မှာ ၂၆ ဆ များနေသည်ကိုတွေ့ရှိရကြောင်းလည်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ထုတ်ပြန်ချက်ကဆိုသည်။

မြဒေးကျွန်းမြစ်ရေပြင်ညစ်ညမ်းနေမှုတွင် ရေနံပါဝင်မှုမရှိကြောင်း အစိုးရတာဝန်ရှိသူများပြောဆိုသည့် သတင်းကို Development Media Group မှ သြဂုတ်လ ၁၄ ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန(ရုံးချုပ်)တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြဒေးကျွန်းညစ်ညမ်းရေတွင် ဆီငွေ့သန်းခြင်း၊ ဆီအနံများမရှိသည့်အတွက် ရေနံပါဝင်မှုမရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်မှ ပြောဆိုခဲ့သည်။

ယင်းအပြင် အဆိုပါနေရာမှ ရေများညစ်ညမ်းနေမှုမှာ ရေစီးအရှိန်ပြင်းထန်မှုကြောင့် ရေအောက် ကြမ်းပြင်နှင့် ကျောက်ဆောင်များကြားတွင်တွယ်ကပ်နေသည့် ရေမှော်များနှင့် နှုံးအမှိုက်များ ရေပြင် ပေါ်သို့ ပေါ်လာခြင်းဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပြောဆိုသည်။

မြဒေးကျွန်းမြစ်ရေပြင်မှ ညစ်ညမ်းနေသည့်ရေနမူနာအား ဓါတ်ခွဲစမ်းသပ်ကြရာတွင် အစိုးရမှရရှိသည့် အဖြေမှာ ယခုထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်ရေးရာဓါတ်ခွဲခန်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းမှရရှိသည့်အဖြေနှင့် ကွဲလွဲနေသည်ကိုတွေ့ရသည်။

အဆိုပါမြစ်ရေညစ်ညမ်းမှုတွင် သာမန်ထက် ၁၀ ဆပါဝင်နေသည့် ခဲဓါတ်(Lead)မှာ သဘာဝ ကျောက်ဆောင်ကျောက်သားများကွဲအက်ခြင်း၊ သဘာဝတွင်းထွက်များလောင်ကျွမ်းခြင်းတို့မှ တွေ့ရှိနိုင်ကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှဆိုသည်။

ယင်းအပြင် ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်ခြင်း၊ သင်္ဘောဆေးစက်ရုံနှင့် အခြားစက်မှုလက်မှု လုပ်ငန်းအမျိုးမျိုးတို့ကြောင့်လည်း ခဲဓါတ်ညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

မြဒေးကျွန်းညစ်ညမ်းရေတွင် သာမန်ထက် ၂၆ ဆပါဝင်နေသည့် ဖိနောဓါတ်မှာ ကျောက်မီးသွေး၊ ကတ္တရာနှင့် ရေနံတို့မှထွက်ရှိသော ဓါတ်ပေါင်းဖြစ်ခြင်းကြောင့် ၎င်းတို့နှင့်ဆိုင်သည့် လုပ်ငန်းများ မှာလည်း ဖိနောဓါတ်ကြွင်းများထွက်ရှိနိုင်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် မြဒေးကျွန်းမြစ်ရေပြင်တွင် လက်ရှိဖြစ်ပေါ်နေသော ရေညစ်ညမ်းမှုမှာ အဆိုပါ လုပ်ငန်းများနှင့် ဆက်စပ်မှုရှိ၊ မရှိကို ဆက်လက်စုံစမ်းမှုများပြုလုပ်သင့်ကြောင်းကိုလည်း ပတ်ဝန်းကျင် ရေးရာဓါတ်ခွဲခန်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တိုက်တွန်းထားသည်။

Author: နေဝင်းစံ