
သြဂုတ် ၁၄၊ ခိုင်မင်း (ကျောက်ဖြူ)
ကျောက်ဖြူမြို့နယ်အတွင်းက မြဒေးကျွန်းမြစ်ရေပြင်မှာ ညစ်ညမ်းရေတွေ ဖြစ်ပေါ်နေတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီး ရေကိုနမူနာယူစမ်းသပ်စစ်ဆေးတဲ့အခါ အဲဒီညစ်ညမ်းရေမှာ ရေနံပါဝင်မှု မရှိဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောကြောင်းကို သြဂုတ်လ ၁၂ ရက်နေ့မှာ Popular News Journal က ဖော်ပြပါတယ်။
နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်) မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြဒေးကျွန်းရဲ့ ညစ်ညမ်းနေတဲ့ရေမှာ ဆီငွေ့သန်းတာ၊ ဆီအနံတွေမရှိတဲ့အတွက် ရေနံမဖြစ်နိုင်ဘူးလို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အခုလို မြစ်ရေပြင်ညစ်ညမ်းမှုဟာ ကျောက်ဖြူမြို့နယ် မြဒေးကျွန်းကျေးရွာအနီးက တရုတ်ရေနံတင် သင်္ဘောတွေ ဆိုက်ကပ်တဲ့ မြစ်ရေပြင်မှာဖြစ်ပေါ်နေတာပါ။
အဲဒီ ရေပြင်ညစ်ညမ်းမှုဟာ ကုန်ခဲ့တဲ့ ၁၀ ရက်ခန့်ကနေ သံချေးရောင်ဖြစ်ပေါ်နေကာ ဒေသခံရေလုပ်သားတွေ ငါး၊ ပုဇွန် ဖမ်းဆီးရမိမှုဟာလည်း နည်းပါးသွားတယ်လို့ ဒေသခံရေလုပ်သားတွေက ပြောပါတယ်။
အောင်လံချိန်ကျေးရွာသား ဦးမောင်တင်နုက “ ဒီလိုရေညစ်ညမ်းတာကို ကျနော့်တစ်သက်မှာ တစ်ခါမှမတွေ့ ဖူးဘူး။ ဒီနေရာမှာ သားငါးပုစွန်တွေ တစ်ကောင်မှ ရှာမတွေ့ဘူး။ ” လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းက ပုဇွန်ကန်မွေးမြူရေး လုပ်ကိုင်နေသူတွေဟာလည်း မြစ်ရေညစ်ညမ်းနေမှုကို စိုးရိမ်တဲ့အတွက် မွေးမြူရေးကန်တွေကို ရေသွင်းယူခြင်းမပြုလုပ်ကြဘဲ ရပ်တန့်ထားကြတယ်လို့ သိရပါတယ်။
မြဒေးကျွန်းမြစ်ရေပြင်က ညစ်ညမ်းနေတဲ့ရေတွေကို ခပ်ယူပြီး ၁၀ မိနစ်အကြာ အနည်ထိုင်သွားတဲ့အခါမှာ ပျော့ပျောင်းပြီး အင်ဂျင်ဝိုင်လိုမျိုးဖြစ်ပေါ်နေတယ်လို့ မြဒေးကျွန်းဒေသခံ ကိုထွန်းကြည်က ပြောပါတယ်။
ကိုထွန်းကြည်က “ ဒီရေတွေဟာဘာကြောင့် ဖြစ်တာလည်းဆိုတာကိုသိချင်တယ်။ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာမှာကို မလိုလားတဲ့အတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေတယ် ” လို့ ပြောပါတယ်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကတော့ ရေတွေညစ်ညမ်းနေမှုဟာ ရေစီးအရှိန်ပြင်းထန်မှုကြောင့် ရေအောက် ကြမ်းပြင်နဲ့ ကျောက်ဆောင်တွေကြားမှာ တွယ်ကပ်နေတဲ့ ရေမှော်တွေနဲ့ နှုံးအမှိုက်တွေရေပြင်ပေါ်ကို ပေါ်လာ တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းသိန်းက “ စစ်တွေတက္ကသိုလ် ပါချုပ်ကြီး ဦးဆောင်တဲ့အဖွဲ့ ရောက်လာတယ်။ လိုအပ်တဲ့နမူနာတွေကို စစ်ဆေးမှုတွေလုပ်ပြီးယူသွားတယ်။ လက်ရှိအချိန်မှာတော့ အဖြေ မသိရသေးဘူး။ သူတို့ဆီက အဖြေထွက်လာရင်တော့ တစ်ခုခုတော့သိရမှာပေါ့။ ” လို့ သြဂုတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။




