
ခိုင်မင်း၊ DMG
အောက်တိုဘာ ၁၂၊ ကျောက်ဖြူ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ချောင်းဝကျေးရွာအုပ်စု ကုလဘာကျေးရွာတွင် နေထိုင်သူ မ-------၊ အသက်(၁၃)နှစ် ကို ဦးလေးတော်စပ်သူမှ အကြိမ်ကြိမ် သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူမြို့ မရဲစခန်းမှသိရသည်။
ကလေးငယ်မှာ မိဘများမရှိတော့သည့်အတွက် အဖွားဖြစ်သူနှင့်အတူ နေထိုင်သူဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နေ့က ၄င်းကလေးငယ်၏အစ်မဖြစ်သူ ရောက်ရှိလာပြီး ညီမဖြစ်သူအား ပုံမှန်အနေအထားမဟုတ် သည့်အတွက် မေးမြန်းရာမှ အဒေါ်ဖြစ်သူ၏ ခင်ပွန်းက အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့ကြောင်း သိရှိရ ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၆ လနီးပါးက ၄င်းကလေးငယ်မှာ အဒေါ်ဖြစ်သူ၏နေအိမ်သို့ မုန့်ဝိုင်းကူလုပ်ရန်သွားရောက်စဉ် အဒေါ်ဖြစ်သူမှာ ရွာထဲသို့ မုန့်ရောင်းရန်ထွက်သွားသဖြင့် တစ်ဦးတည်းကျန်ခဲ့စဉ် အဒေါ်ဖြစ်သူ၏ခင်းပွန်း ဦးထွန်းရွှေခိုင် ၊ အသက် ၅၅ နှစ် ရောက်ရှိလာပြီး မ---- အား တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ထိုင်နေရာမှ နောက်သို့တွန်းလှဲကာ သားမယားအဖြစ်ပြုကျင့်ပြီး ပြန်ပြောလျှင် သတ်ပစ်မည်ဟုပြောဆိုခဲ့ကြောင်းလည်း သိရသည်။
ယင်းအပြင် ဦးထွန်းရွှေခိုင် ဆိုသူမှာ မိန်းကလေးနေထိုင်ရာ အဖွားဖြစ်သူ၏နေအိမ်သို့ အဖွားဖြစ်သူ မရှိခိုက် တွင် အကြိမ်ကြိမ်လာရောက်ပြီး သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသဖြင့် ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်စစ်ဆေးစဉ် ကလေးငယ်မှာ ကိုယ်ဝန်ရရှိထားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းတွင်ဖေါ်ပြထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အောက်တိုဘာလ(၁၀)ရက်နေ့တွင် ကလေးငယ်၏ အစ်မဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းလာသဖြင့် ပုဒ်မ(၃၇၆) အရအမှုဖွင့်လှစ်ကာ တရားခံ ဦးထွန်းရွှေခိုင်အား ဖမ်းဆီးစစ်ဆေးနေကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှသိရသည်။




