(ရခိုင်လူမျိုးတို့၏ တန်းဖိုးကြီးမြတ်သော ရှေးဟောင်းမြောက်ဦးမြို့မှာ ရှေးဟောင်း ကျောက်ဆစ်လက်ရာများနှင့် မြင့်မားလှသော နည်းပညာဖြင့် ရေသွင်းရေထုတ်စနစ်ကို တွေ့ရသည်။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)
မေလ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်၊ မြောက်ဦး (DMG) ။ ။ မလ ၁၇ ရက်နေ့က မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှုရုံးတွင် ကျင်းပခဲ့သည့် မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရနိုင်ရေး ပထမကြိမ်အစည်းအဝေးတွင် မြောက်ဦးမြို့ကို ၂ဝ၂ဝ ခုနှစ် မတိုင်မီအတွင်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းလင်းပြောကြားခဲ့သည်။
" အခုက စပြီးလုပ်မယ်မယ်ဆိုရင် ၂၀၁၈ စက်တင်ဘာမှာ ပထမအမည်စာရင်း တင်သွင်းလွှာမူကြမ်းကို တင်နိုင်မယ်။ ၂၀၁၉ ဇန်န၀ါရီလ ၃၁ ကို ရည်မှန်းမယ်ဆိုရင် ၂၀၂၀ ဇွန် မှာ လုပ်မယ့် ကမ္ဘာ့အမွေအနှစ် အစည်းအဝေးမှာ သတ်မှတ်ခံရနိုင်မယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ " ဟု ဦးကျော်ဦးလွင်က ပြောသည်။
အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် မြောက်ဦးမြို့ ရှေးဟောင်းအမွေအနစ်များကို ဒီထက်မက ဒေသခံများက ထိန်းသိမ်းတန်ဖိုးထားရန် အမှိုက်စွန့်ပစ်ခြင်းကိုလည်း စနစ်တကျ ဆောင်ရွက်ရန်လို့အပ်ပြီး နေအိမ်များကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်၏ စံနှုန်းနှင့်အညီ ဆောက်လုပ်ရန်လိုကြောင်း ယူနက်စကိုမှ ပညာရှင်ပုဂ္ဂိုလ် မစ္စတာကိုဝိုက်စ်ကလည်း အကြံပြုခဲ့သည်။
"နန်းရာကုန်းနှင့် ပတ်သတ်ပြီး စနစ်တကျ ထိမ်းသိမ်းသင့်တယ်။ ရှေးဟောင်းမြို့တော်များထဲမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟာ အမှိုက်များနှင့် ညစ်ပတ်တဲ့မြို့လို့ မှတ်ချက်ချထားတာ သိရတော့ ရှက်ဖို့သိပ်ကောင်းပါတယ်။ မြို့သူမြို့သားတွေအနေနဲ့ စည်စနစ်ကျကျ အမှိုက်ပစ်တတ်ဖို့လိုတယ်။ " ဟု မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်ခင်သန်းကလည်း ပြောသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ယူနက်စကိုအဖွဲ့ဝင်များ၊ မြောက်ဦးဒေသ ရှေးဟောင်းသုတေသနအဖွဲ့များ၊ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ မြို့မိမြို့ဖများ မြောက်ဦးမြို့ရှိ လူငယ်တာဝန်ရှိသူများ စိတ်ပါဝင်စားသူများ တက်ရောက်ကြပြီး အမည်စာရင်းတင်သွင်းနိုင်ရေး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။




