(စစ်တွေခရိုင်လူထုတွေ့ဆုံပွဲအတွက် စစ်တွေမြို့နယ်အတွင်း ကိုယ်စားလှယ်များတက်ရောက်နိုင်ရန် ရခိုင်အမျိုးသားပါတီမြို့နယ်ရုံး၌ မြို့နယ်ကိုယ်စားလှယ်များရွေးချယ်နေစဉ်။ ဓါတ်ပုံ - နေဝင်းစံ၊ DMG)

ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၂၀၁၈ ခုနှစ်။    ။   ပြည်ထောင်စုငြိမ်းရေး ၂၁ ပင်လုံညီလာခံအတွက် ရခိုင်ပြည်နယ်အတွင်း ခရိုင်အလိုက် လူထုတွေ့ဆုံပွဲပြုလုပ်မည်ဖြစ်သည်။ ယင်းကြောင့် စစ်တွေခရိုင်အတွင်းမှာ လူထုတွေ့ဆုံပွဲ လုပ်နိုင်ရန် ခရိုင်အတွင်းကမြို့နယ်များတွင် မြို့နယ်ကိုယ်စားပြု ကိုယ်စားလှယ်များ ရွေးပွဲပြုလုပ်နေကြသည်။

စစ်တွေခရိုင်လူထုတွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စစ်တွေမြို့၌ ပြုလုပ်မည်ဖြစ်၍ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က စစ်တွေမြို့နယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရန် ရခိုင်အမျိုးသားပါတီ မြို့နယ်ရုံးတွင် ဆွေးနွေးနေကြသည်။

၂၁ ပင်လုံအတွက် စစ်တွေခရိုင်၊ သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မြောက်ဦးခရိုင်တို့တွင် လူထုတွေ့ဆုံပွဲများ ပြလုပ်မည်ဖြစ်ပြီး မောင်တောခရိုင်ကို စစ်တွေခရိုင်နှင့် ပူးပေါင်းလုပ်မည်ဖြစ်သည်။ ယင်းအပြင် ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင်လည်း ရခိုင်တိုင်းရင်းသားများအတွက် လူထုတွေ့ဆုံပွဲများ ပြုလုပ်မည်ဖြစ်သည်။

ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝအရင်း အမြစ်ဆိုင်ရာ ကိစ္စရပ်များအတွက် ကဏ္ဍအသီးသီးအလိုက် ဆွေးနွေးမည် ဖြစ်သည်။

တတိယအကြိမ်မြောက် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံအစည်းအဝေးတွင် ရခိုင်ပြည်သူတို့၏အသံ ပါဝင်နိုင်ရန်အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်တောင်းခံထားသော်လည်း လုံခြုံရေးကို အကြောင်းပြုကာ ကျင်းပခွင့်မပြုသောကြောင့် ယခုကဲ့သို့ လူထုတွေ့ဆုံပွဲပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက DMG ကို ပြောကြားထားသည်။

 

Author: နေဝင်းစံ