(ပထမအကြိမ် ၂၁ ရာစု ပင်လုံသို့ တက်ရောက်ခဲ့သော ရခိုင်အမျိုးသားပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်အား တွေ့ရစဉ်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)

မေလ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။    ။  လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံသို့ ရခိုင်အမျိုးသားပါတီ (ANP) တက်ရောက်တော့မည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က DMG ကို ယနေ့ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မပြုသောကြောင့် ၂၁ ရာစု ပင်လုံညီလာခံတွင် ရခိုင်လူထု၏ ကိုယ်စားပြုအသံများကို တင်ပြရရှိမည်မဟုတ်၍ တက်ရောက်ရန်သင့်၊ မသင့် ပါတီတွင်းထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးပြီးနောက်တွင် တက်ရောက်ရန် အားလုံးက သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်းအောင်ကျော်ကဆိုသည်။

“ ကျနော်တို့ တက်ဖို့အတွက် ဆုံးဖြတ်ထားတဲ့ စာပို့လိုက်ပါပြီ။ အခုလုပ်မယ့် အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြောက်များစွာသောတစ်ခုက အစည်းအဝေးတစ်ခုဖြစ်တယ်။ ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံတစ်ခုလုံး ငြိမ်းချမ်းရေးကို အဆုံးအဖြတ်ပေးနိုင်မယ့် အစည်းအဝေးမဟုတ်။ ကျနော်တို့ ရခိုင်အမျိုးသားပါတီဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ နိုင်ငံရေးပါတီတစ်ရပ်ဖြစ်တယ်။ ကျနော်တို့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါသင့်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်တဲ့အတွက်ကြောင့် တက်ဖို့အတွက် ပါတီကဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ ” ဟု ၎င်း ပြောသည်။

ယခုပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုလုံညီလာခံတွင် ရခိုင်အမျိုးသားပါတီ အနေဖြင့် ကျောက်ဖြူရခိုင်အမျိုးသားညီလာခံက ချမှတ်ခဲ့သော ရခိုင်လူထုများ၏ နိုင်ငံရေးလိုလားချက်များနှင့်အတူ ပါတီကချမှတ်ထားသော နိုင်ငံရေးမူဝါဒများကို အခြေခံကာ တင်ပြသွားမည်ဖြစ်ကြောင်းလည်း ရခိုင်အမျိုးသားပါတီ (ANP) မှသိရသည်။

“ ဒီ (၂၁) ရာစုပင်လုံညီလာခံက ရလာဒ်ကောင်းတွေ ရလာဖို့အတွက် ကြိုးစားရမယ့် တာဝန်ဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ နိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ” ဟု ရခိုင်အမျိုးသားပါတီ(ANP) အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

၂၁ ရာစုပင်လုံညီလာခံအား မေလ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရခိုင်အမျိုးသားပါတီမှ ပါတီ ဒု-ဥက္ကဌများဖြစ်သော ဒေါ်အေးနုစိန်၊ ဦးခိုင်ပြည်စိုး၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့ အပါအဝင် စုစုပေါင်း (၈) ဦး တက်ရောက်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ သိရသည်။

၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်အစည်းအဝေးတွင် ရခိုင်မျိုးချစ်ပါတီ (APP) အား ဖိတ်ကြားခြင်းခံခဲ့ရသော်လည်း ယခု မေလ ၂၄ ရက်နေ့တွင်ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းမခံရသေးကြောင်း ရခိုင်မျိုးချစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ထွန်းထံမှသိရသည်။

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်