(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး စုပေါင်းမှတ်တမ်းဓါတ်ပုံ။ ဓါတ်ပုံ - ကောင်းကောင်း/DMG)
မေလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဆွေးနွေးသည့်အချက်များအား သဘောတူညီပါက အစုအဖွဲ့အလိုက် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ဒေါ်စောမြရာဇာလင်းက " ဒီကိစ္စမှာ လက်မှတ်ထိုးမယ်။ မထိုးဘူးဆိုတာကတော့ သူတို့တွေရဲ့ အမြင်သာ ဖြစ်ပါတယ်။ ဆိုရင် ဒီမှာ ကျွန်မတို့ ဆွေးနွေးထားတာကတော့ အစုအဖွဲ့တစ်ခုက တစ်ယောက်ထိုးမယ်ဆိုတာမျိုး ပြောထားတာရှိပါတယ်။ ဘယ်အဖွဲ့ကမှ အဖွဲ့အစည်းလိုက် ထိုးမယ့်အနေအထားကတော့ ဒီညီလာခံမှာ မူချမှတ်ထားတာမရှိပါဘူး။ ခုတိုင်းရင်းသား အုပ်စုအဖွဲ့လိုက်ဆိုလို့ရှိရင် ဘယ်သူထိုးမယ်ဆိုတာမျိုး၊ အစိုးရက ဘယ်သူထိုးမယ်။ တပ်မတော်က ဘယ်သူထိုးမလဲ။ အဲဒါဟာဆိုလို့ရှိရင် အားလုံးလက်ခံနိုင်တဲ့ မူဆိုတဲ့ အပေါ်လောက်မှာပဲ ကျွန်မတို့စဉ်စားပြီးမှ အကောင်းဆုံးဆုံးဖြတ်သွားမှာပါ။ဒါပေမယ့် မထိုးသေးဘူး ဆိုလို့ရှိရင်လည်း မထိုးဘူးဆိုပြီးမှလည်းပဲ ရပ်သွားနိုင်တဲ့အနေအထားတွေရှိပါတယ်။ " ဟု DMG သို့ ဆိုသည်။
၂၁ ရာစု ဒုတိယပင်လုံညီလာခံသို့ တက်ရောက်လာသော ရခိုင်အဖွဲ့အစည်းများ၊ ပါတီများ၊ ရခိုင်လူထု၏ ဘုံသဘောထားရပ်တည်ချက်များကို တိုင်ပင်ခြင်း၊ ရယူခြင်းမရှိဘဲ အဆိုပါညီလာခံတွင် ရခိုင်လူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကတိက၀တ်ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်း မပြုကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (United League of Arakan) ၏ မေလ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည့်အပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်း၏ သဘောထားအမြင်အား မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်(AA)ကိုယ်စားတက်ရောက်နေသည့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က " ဒီညီလာခံကနေပြီး တချို့အချက်အလက်တွေကတော့ သဘောတူပြီးသားရှိသလို ကျွန်တော်တို့ရခိုင်လူထုအနေနဲ့က ခုငြိမ်းချမ်းရေးညီလာခံလို့ပြောပေမယ့် ခုငြိမ်းချမ်းရေးနောက်မှာက တန်းတူအခွင့်အရေးဆိုတာရှိပါတယ်။တန်းတူအခွင့်အရေးရဖို့အတွက် ကျွန်တော်တို့က တောင်းဆိုတိုက်ပွဲဝင် နေပါတယ်။အဲဒီလိုမျိုးဆိုလို့ရှိရင် မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မရဘဲ ပြီးစလွယ်သူများနဲ့ရောထိုင်ပြီး ပစ်စလက်ခတ်လုပ်သွားမှာကို ကျွန်တော်တို့ မလိုတာပါ။အဲဒါကြောင့် ဒီကိုရောက်လာတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဥပမာ-နိုင်ငံရေးတပ်ဦးကျွံမှုတွေ၊နိုင်ငံရေးနုတ်ကျွံမှုတွေမဖြစ်ဖို့ ကျွန်တော်တို့က အဲဒါတွေကို ထိမ်းထိမ်းသိမ်းသိမ်းလုပ်ဖို့ အသိပေးတာဖြစ်ပါတယ်။ " ဟု DMG သို့ ဆိုသည်။
ယခုကျင်းပပြုလုပ်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးတွင် မေလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် UPDJC အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံရေးကဏ္ဍတွင် ခေါင်းစဉ်ကြီး ၆ ခုမှ အချက် ၂၁ ချက်၊စီးပွားရေးကဏ္ဍတွင် ခေါင်းစဉ်ကြီး ၇ ခုမှ ၁၀ ချက်၊လူမှုရေးကဏ္ဍတွင် အချက် ၄ ချက်၊မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် အချက် ၆ ချက် ၊စုစုပေါင်း ၄၁ ချက်နှင့်လုံခြုံရေးကဏ္ဍတို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ အနေနဲ့လည်း လုံလောက်တဲ့ကြိုတင်ပြင်ဆင်မှုနဲ့လုံလောက်တဲ့ စုစည်းမှု ပြီးတော့ လုံလောက်တဲ့ ဘုံသဘောတူချက်က လောလောဆယ်မရသေးဘူးဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် လုပ်နေသူတွေအနေနဲ့က အကောင်းဆုံးပါ။ဥပမာ-ANP ပါတီရှိတယ်။ တခြားအဖွဲ့အစည်းတွေအနေနဲ့ သူတို့လုပ်လို့ ရလာတဲ့အရာတွေ အမှန်တကယ် ရခိုင်လူထုတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ၊ရကိုရရမယ်ဆိုတဲ့ အခွင့်အရေးတွေသာဖြစ်နေတယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့က ဒါတွေက သဘောတူပြီးသားပါ။ "ဟု ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ဆိုသည်။
မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) နှင့်ရက္ခိုင့်တပ်မတော်(AA) စသည်တို့မှ ရခိုင်လူမျိုးကိုယ်စားလှယ်များ တက်ရောက်နေကာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA ) လက်မှတ်မထိုးရသေးသော ရက္ခိုင့်တပ်မတော်(AA)တစ်ခုသာ ၀င်ရောက်ဆွေးနွေးခွင့်မရှိခဲ့ပါ။ မေလ ၂၅ ရက်နေ့ ဆွေးနွေးပွဲအပြီးတွင် စီးပွားရေးကဏ္ဍမှ အချက် ၆ ချက်ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။




