ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရရှိသည့်အတွက် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ရခိုင်ပြည်နယ်မှ တက်သင့်မတက်သင့် ရခိုင်အမျိုးသားပါတီမှ ယခုလအတွင်း ဆွေးနွေးသွားမည်ဟု ရခိုင်အမျိုးသားပါတီ၏ ဒု-ဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောကြားသည်။
“ ၂၁ ရာစုပင်လုံကို တက်သင့်မတက်သင့် ပါတီတွင်း သဘောထား ကောက်ခံနေတယ်။ အစည်းအဝေးတစ်ခု လုပ်ဖို့တော့ စီစဉ်ထားတယ်။ ဥက္ကဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့နဲ့ ဗဟိုကော်မတီဝင်တွေကို ခေါ်ပြီးတော့ ဒီလအတွင်းမှာပဲ အစည်းကြီးတစ်ရပ်ပြုလုပ်မယ်။ ” ဟု ပြောသည်။
ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိဖို့ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီက UPDJC နှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးသို့ တင်ပြထားသော်လည်း ယခုအချိန်ထိ လုပ်ခွင့်မပြုသေးသောကြောင့် တက်သင့်မတက်သင့် ဆွေးနွေးဖို့ ဖြစ်လာရခြင်းဟု ဦးခိုင်ပြည်စိုးက ပြောသည်။
ဘာကြောင့် ကျင်းပခွင့် မပြုသေးလည်း ဆိုသည်ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဗဟိုအမှူဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက “ UPDJC အစည်းအဝေးမှာတော့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှူမရှိဘူး၊ ငြိမ်းချမ်းမှူ မရှိသေးတဲ့အတွက် ခွင့်မပြုနိုင်တဲ့ သဘောထားတွေကို တွေ့ရတယ်။ တကယ်တော့ ဒါက မဖြစ်သင့်ဘူး။ လက်ရှိ ရခိုင်ပြည်နယ်က ငြိမ်းချမ်းပါတယ်။ ” ဟု ပြောသည်။
၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပမည့်ရက် အနည်းငယ်အတွင်းမှာ ခွင့်ပြုပေးလာပါက ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်မဟုတ်ဘဲ မတက်ဖြစ်ဖို့ကို ပိုများကြောင်း ဦးခိုင်ပြည်စိုးက ဆိုသည်။
ဒုတိယအကြိမ်ကျင်းပမည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ဖေဖော်ဝါရီလကုန်မှာ ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း မတ်လကုန်ပိုင်းလောက်မှ ကျင်းပနိုင်တော့ဖွယ်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ သို့သော်လည်း ယခုအချိန်ထိ မကျင်းပနိုင်သေးကြောင်း သိရသည်။
၂၁ ရာစု ပင်လုံညီလာခံကို ခန့်မှန်းခြေ ငါးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၇၀၀ လောက် တက်ရောက်ကြမည်ဖြစ်သည်။ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်မှာ ဒုတိယအကြိမ် ကျင်းပဖို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။





