(ကျောက်ဖြူအကျဉ်းထောင်မှ လွတ်မြောက်လာသော မတရားအသင်းနှင့်ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရသူ ဦးမောင်အေး။ ဓါတ်ပုံ - ဟန်ထူးဇော်/DMG)

မေလ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။    ။  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျနေသည့် နိုင်ငံသားအကျဉ်းသား၊ နိုင်ငံခြားသားအကျဉ်းသား စုစုပေါင်း ၂၅၉ လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် ရက္ခိုင့်တပ်မတော်(AA) နှင့် ဆက်စပ်သူသည်ဟုဆိုကာ ဖမ်းဆီးအကျဉ်းကျခံနေရသူ စုစုပေါင်း  (၆၀) ဦး ပါဝင်ခဲ့ကြောင်းသိရသည်။

ယင်းသို့ ရခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူများသည် စစ်တွေအကျဉ်းထောင်၊ ကျောက်ဖြူအကျဉ်းထောင်တို့တွင် အကျဉ်းခံနေရသူများဖြစ်ပြီး ကျောက်ဖြူအကျဉ်းထောင်မှ ကိုမောင်အေး အပါအဝင် ၂၄ ဦး၊ စစ်တွေအကျဉ်းထောင်မှ ကိုဇော်မင်းဦးအပါအဝင် ၁၉ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၁ ဦးနှင့် သံတွဲအကျဉ်းထောင်မှ ၁၆ ဦး စုစုပေါင်း ၆၀ ဦးတို့ မေလ ၂၄ ရက်နေ့တွင် လွတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။

“ ကျနော်က (စစ်တွေ) ကန်တော်ကြီး ရပ်ကွက်မှာ အိမ်ငှားနေတာပေါ့။ ကျနော်တို့ဆီက ကောင်လေးတစ်ယောက်က အဖမ်းခံရတော့ သူကပြောလိုက်တယ်ထင်တယ်။ ကျနော့်ကို အိမ်ပေါ်တက်ပြီး ဝိုင်းဖမ်းကြတာ။ ၁၇(၁)ဆိုတာကတော့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ မတရားအသင်းပေါ့။ ကျနော်က သူတို့အသိအမှတ်မပြုတဲ့ အသင်းမှသွားဝင်တယ်။ ဒီတော့ ကျနော်အဖမ်းခံရတယ်။  အဲဒီအပေါ်မှာ ကျနော်က ဝမ်းလည်းမနည်းဘူး။ ဝမ်းလည်းမသာဘူး။ ” ဟု ရခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှုဖြင့်ထောင် (၃) နှစ်ကျခံခဲ့ရမှ လွတ်မြောက်လာသူ မင်းပြားမြို့နယ်၊ ခေါင်းလောင်းကျေးရွာမှ ကိုဇော်မင်းဦးက ပြောဆိုသည်။

စစ်တွေအကျဉ်းထောင်မှ ရခိုင့်တပ်မတော်(AA) နှင့်ဆက်စပ်နေသူ (၁၉) ဦးလွတ်မြောက်လာခဲ့သော်လည်း ရခိုင့်တပ်မတော်(AA) ကိုယ်ပိုင်နံပါတ်ရရှိထားသူ ကိုထွန်းထွန်းနိုင်ဆိုသူမှာ မလွတ်မြောက်သေးဘဲ အကျဉ်းထောင်တွင် ကျန်ရှိနေသေးကြောင်းလည်း ကိုဇော်မင်းဦးက ဆက်လက် ပြောကြားသည်။

“ ပုဒ်မ ၁၇(၁) ကို သူတို့က လိုအပ်သလို ဆွဲသုံးနေကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မတရားအသင်းဆိုပြီး ကျေညာထားတဲ့အဖွဲ့တွေနဲ့ အစိုးရနဲ့လည်း တော်တော်လည်း တွေ့နေကြတာပဲ။ သူတို့က သဘောကျနေတယ်ဆိုရင် ဘာမှမဖြစ်ဘူး။ သဘောမကျဘူးဆိုရင် ၁၇(၁)နဲ့ အရေးယူနေတာပဲ။ အခုတော့ ဘာပဲဖြစ်ဖြစ် ၁၇(၁)နဲ့ ဖမ်းဆီးထားတဲ့ သူတွေကို လွတ်ပေးလိုက်တယ်ဆိုတော့ ပိုပြီးတော့ကောင်းတာပေါ့။ အထဲမှာ ကျန်ရှိတဲ့သူကိုလည်း မြန်မြန်လွတ်စေချင်တယ်။ နောင်တစ်ချိန်မှာ တိုင်းပြည်တာဝန်ခံကို ထမ်းဆောင်မယ့်သူတွေဟာ ထောင်ထဲမှာ ရှိနေတယ်ဆိုတာမကောင်းဘူးပေါ့။ နောက်တစ်ခုက ခံယူချက်နဲ့ အကျဉ်းကျနေတဲ့သူတွေကို လွှတ်ပေးစေချင်တယ်။ ” ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားရေးနိုင်နိုင်က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည်ပြီး မိမိအကျိုး၊ဒေသအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အများပြည်သူနှင့် အတူ တာဝန်ထမ်းဆောင်နိုင်ရေးအတွက်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း နိုင်ငံတော်သမ္မတသည် အကျဉ်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား ၁၈၆ ဦးအား နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလုပ်ခဲ့ကြောင်းနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံခြားသားအကျဉ်းသား (၇၃) ဦးအား လွတ်ငြိမ်းခွင့်ပြု လိုက်သည်ဟု မေလ ၂၃ ရက်နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်ခဲ့သည်။

ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ သံတွဲ အကျဉ်းထောင်ကျခံခဲ့ရမှ လွတ်မြောက်လာသူ စုစုပေါင်း ၉၄ ဦး ရှိခဲ့ကြောင်း သိရသည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်