
(၂၀၁၆ ခုနှစ်က ကျင်းပခဲ့သော မြိုအမျိုးသားနေ့မှာ တွေ့ရသောဆိုင်းဘုတ်။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)
မေလ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ ပုဏ္ဏားကျွန်း (DMG) ။ ။ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်သော ၂ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာမှာ မေလ ၁၆ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု သိရသည်။ ပထမအကြိမ် မြိုအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ် ကိုဒီကျေးရွာမှာ ကျင်းပခဲ့ပြီး ယခု (၂) အကြိမ်မြောက်ကို ဗန်းဗွီးကျေးရွာမှာ ကျင်းပမည်ဖြစ်သည်။
မြိုအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီဝင် လူငယ်တဦးဖြစ်သည့် ကိုမောင်လှဝင်းက ယခုလိုပြောသည်။
“ အခု ၂ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို မနှစ်ကနဲ့မတူဘဲ တမူထူးခြားအောင် စီစဉ်ထားပါတယ်။ တိုင်းရင်းသားရိုးရာအက၊ စာပေဟောပြောပွဲနဲ့ ညနေပိုင်းမှာလည်း ရခိုင်အဆိုတော်များဖြစ်တဲ့ အာရီယန်၊ ပန်းခက်ရွှေစင်၊ မဝင်းနန္ဒာခိုင်တို့က ဧည့်ခံဖြေဖျော်ပေးကြမှာဖြစ်ပါတယ်။ ” ဟု ၄င်းကဆိုသည်။
မြိုအမျိုးသားနေ့ ကျင်းပရခြင်းမှာ မြိုတမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှုများအရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အဖက်ဖက်တွင် တိုးတတ်လာအောင် မြိုလူမျိုးများက ကြိုးစားဆောင်ရွက်မည်ဖြစ်သည်။ ယခုကျင်းပမည့် ၂ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့များ၊ မြို့နယ်အတွင်း တာဝန်ရှိသူများနှင့် ဖိတ်ကြားသင့်သော အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်သည်။
မြိုအမျိုးသားနေ့ဖြစ်ပေါ်လာပုံမှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေးကျေးရွာတွင် မြိုတမျိုးသားလုံး လူငယ်ထုနှင့် အများပြည်သူတို့၏ လက်တွဲပြီး လူမှူရေး၊ စီးပွားရေး၊ ပညာရေး၊ မြိုတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ကိစ္စများကို ဆွေးနွေးအောင်မြင်ခဲ့သည့် နေရက်ကို အသိအမှတ်ပြုပြီး မြိုအမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြောင်း မြိုလူငယ် ကိုမောင်လှဝင်းကပြောသည်။




