ကျောက်ဖြူမြို့တွင် ပြုလုပ်သော အခမ်းအနားတွင် ထည့်သွင်းကျင်းပသော ခေါင်းအုံးရိုက်ပြိုင်ပွဲ။ (ဓာတ်ပုံ - ခိုင်မင်း)

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်မင်း၊ ခင်သဖီဦး / DMG

(၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မောင်တော၊ မာန်အောင်စသည့် မြို့နယ်များမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

စစ်တွေမြို့တွင် ကျင်းပသည့် ရခိုင်ပြည်နယ်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဖတ်ကြားခဲ့သည်။

ယင်းသဝဏ်လွှာတွင်  မောင်တောဒေသတွင် လျှပ်စစ်ဓာတ်အားပေးနိုင်အောင် ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်၏ လုံခြုံမှု တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အစဉ်အမြဲ ဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် ရည်မှန်းချက်ပန်တိုင်းသုံးရပ်မှာ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်ကြောင်း ပါဝင်သည်။

ယင်းအပြင် ကျောက်ဖြူအထူးစီပွားရေးဇုန်ကို ဒေသခံပြည်သူများ၏ ဆန္ဒသဘောထား၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားသက်ရောက်နိုင်မှုတို့ကို အလေးထားသုံးသပ်ပြီး စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် မောင်တောဒေသ ကညင်ချောင်း စီးပွားရေးဇုန်နှင့် ကုလားတန်မြစ် ဘက်စုံဖွံဖြိုးတိုးတက်ရေး စီမံကိန်းတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း ပါဝင်သည်။

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြို့တော်အဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက် UNESCO နှင့် ပူးပေါင်ပြီး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း သမ္မတပေးပို့သည့် သဝဏ်လွှာတွင် ပါဝင်သည်။

ပြည်နယ်အနှံ့ကျင်းပကြသည့် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာကျင်ပွဲ၊ ရခိုင်ရိုးရာရထားဆွဲပြိုင်ပွဲ၊ မြို့ပတ်အပြေးပြိုင်ပွဲ၊ စာပေပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကာ ကျင်းပကြသည်။