
ချလူးအောင်/DMG
မေ ၂၉၊ ဘူးသီးတောင်
ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာက အုပ်ချုပ်ရေးမှူးပါအဝင် လူလေးဦးကို မတရားအသင်း ဆက်သွယ် မှုဥပဒေပုဒ်မ ၁၇(၁)၊(၂)တို့ဖြင့် (၄)လကျော်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတစ်ဦးတို့ကို အပြစ်မရှိဟုဆိုကာ မေလ ၂၈ ရက်နေ့က လွှတ်ပေးလိုက်သည်ဟု သူတို့၏ရှေ့နေ ဒေါ်ဦးသန်းခိုင်က ပြောသည်။
" ၁၇(၁)(၂) တရားစွဲထားတာ ၄ ယောက်ပါ။ မနေ့က မေလ ၂၈ ရက်နေ့ စွဲချက်အမိန့်ချပါတယ်။ စွဲချက်အမိန့်ချတာမှာ သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဦး မောင်ထွန်းလှိုင်နဲ့ ဦးအောင်ထွန်းစိန် တို့ ၂ ဦးကိုတော့  စွဲဆိုထားတဲ့ ပုဒ်မ နဲ့ငြိမ့်စွန်းမှုမရှိဆိုပြီးတော့ လွှတ်ပေးတာဖြစ်တယ်”ဟု ရှေ့နေ ဒေါ်ဦးသန်းခိုင်က ဆိုသည်။
သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်၊ ဦးအောင်ထွန်းစိန်၊ ဦးမောင်ကျော်ဝင်းနှင့် ဦးအောင်ဌေး တို့ကို မေလ ၂၈ ရက်နေ့က စွဲချက်အမိန့်ချရာတွင် အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်နှင့် ဦးအောင်ထွန်းစိန် တို့မှာ ယင်းပုဒ်မနှင့် ငြိစွန်းမှုမရှိသဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။
၎င်းတို့လေးဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကာ ဦးအောင်ဌေးနှင့် ဦးမောင်ကျော်ဝင်းတို့ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် စွဲချက်တင်လိုက်သည်။




