(၄ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို စည်ကားစွာကျင်းပနေသော တောင်ကုတ်မြို့နယ်မှ ပြည်သူများ။ ဓါတ်ပုံ - မျိုးမြင့်ဇော်/DMG)

မေလ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်၊ တောင်ကုတ် (DMG) ။     ။    ၄ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို  ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ကံပိုင်ရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ဖောင်တော်ဦးဓမ္မာရုံတွင် ကဆုန်လပြည့်ကျော် (၁) ရက် မေ ၁၁ ရက် နေ့လည်က ၁၂ နာရီခွဲမှ စတင်ကာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရခိုင်အမျိုးသားနေ့ကို သံတွဲခရိုင်အတွင်း သံတွဲမြို့၊ ဂွမြို့တို့တွင် ကျင်းပပြုလုပ်ခြင်းမရှိသော်လည်း တောင်ကုတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဦးဝေသောင်းက ရခိုင်အမျိုးသားနေအခမ်းအနားကျင်းပ ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး DMG မှ တွေဆုံမေးမြန်းစဉ် ယခုကဲ့သို့ ဖြေဆိုခဲ့သည်။

“ ရခိုင်လူမျိုးတွေ အနေနဲ့ခေတ်ကြီးလေးခေတ်ကိုလည်း ဖြတ်သန်းလာတယ်။ ဒီလောက်ထိ သမိုင်းရှည်လျှားတဲ့ လူမျိုးစုတစ်စုမှာ ကိုယ်ပိုင်ဆိုင်တဲ့ အမျိုးသားနေမရှိဘူးဆိုတာ သိပ်သဘာဝမကျဘူးအဲ့ဒါကို ကုန်ခဲ့တဲ့လေးငါးနှစ်က ကျောက်ဖြူမြို့ ရခိုင်အမျိုးသားညီလာခံမှာ သတ်မှတ်ဖို့ ရက်ကိုရွေးချယ်တဲ့အခါမှာ အများစု ဆန္ဒရဟန်းရှင်လူပြည်သူတွေရဲ့ ဆန္ဒအရ မဟာမြတ်မုနိသွန်းလုပ်တဲ့နေ့ကို ကျနော်တိုတညီတညွတ်တည်း ဆုံးဖြတ်ပြီးတော့ ကျင်းပလာခဲ့တာ လေးကြိမ်ရှိပါပြီ။ အခုတောင်ကုတ်မြို့ပေါ်မှာတော့ ကျတော်တိုရခိုင်အမျိုးသားပါတီက ကမကထပြုပြီးတော့ အရပ်ဖက်အဖွဲအစည်းတွေ ရဟန်းရှင်လူတွေပါတယ်။ စာပေရေးရာ အသိုင်းအဝိုင်းနဲ့ အမျိုးသားရေး စိတ်ဝင်စားသူတွေ ပါတယ်။ သူတို့တွေစုစည်းပြီးတော့ ဓမ္မာရုံမှာကျင်းပရခြင်းဖြစ်တယ်။ ရခိုင်လူမျိုးတွေ အနေနဲလည်း နှစ်ကာလကြာရှည် ထိန်းသိမ်းလာခဲ့တဲ့ ရခိုင်တွေရဲ့ အစဉ်အလာသမိုင်းပုံရိပ်ကို ပိုပြီးတော့ ခိုင်ခိုင်မာဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲဒီပွဲကိုကျင်းပဖြစ်ခဲ့တာပါ။ ” ဟု င်း ကပြောသည်။

တောင်ကုတ်မြို့နယ်တွင် ရခိုင်အမျိုးသားနေ့ ကျင်းပဖြစ်သည်မှာ ယခု တစ်ကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်မြောက် ဖြစ်ကြောင်းသိရသည်။

ရခိုင်အမျိုးသားနေ့ကို ရခိုင်တမျိုးသားလုံးပါဝင်သော ကျောက်ဖြူညီလာခံ၌ ရဟန်းရှင်ပြည်သူလူထုတစ်ရပ်လုံးက တရားဝင်ဆုံးဖြတ်သတ်မှတ်ခဲ့သော်လည်း ပွင့်ပွင့်လင်းလင်း ကျင်းပခွင့်မရရှိခဲ့ကြောင်း တောင်ကုတ်မြို့ခံ ကိုညီပုချေက ပြောသည်။

အခုကျင်းပတာ နှစ်ကြိမ်ရှိပြီ။ ကျနော်တို့ ခိုးကြောင်ခိုးဝှက် ကျင်းပခဲ့ရတာလည်း ရှိပါတယ်။ သတ်မှတ်တဲ့နှစ်မှာ ကိုယ်တိုင်က ကျနော်တိုပွင့်ပွင့်လင်းလင်း မကျင်းပနိုင်ခဲ့ပါဘူး။ အခု ပွင့်ပွင့်လင်းလင်းလုပ်တာ နှစ်ကြိမ်ပဲရှိပါတယ်။ ပထမတစ်ကြိမ်မှာ အခုလောက်မစည်ကားခဲ့ပါဘူး။ ဒီနှစ်မှာတော့ ကောင်းစည်ကားတယ်လိုပြောလို့ရပါတယ်။ ” ဟု ဆိုသည်။

ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၁၄ ခုနှစ် ဧပြီ ၂၇ မှ မေ နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားညီလာခံတွင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သွန်းလောင်းပြီးစီးသော နေ့ဖြစ်သည့် ကဆုန်လပြည့်ကျော် (၁) ရက်နေ့ကို  ရခိုင်တိုင်းရင်းသား အများပြည်သူဆန္ဒအရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Author: မျိုးမြင့်ဇော်