(ယခင်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့စဉ်ကတွေ့ရသော ဦးရက္ခဝံသ။ ဓါတ်ပုံ - Show King)

မေလ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။     ။   နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စွမ်းဆောင်ရည်ဆုရှင် ဦးရက္ခဝံသ (ခ) ဦးမောင်လှဖြူအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ရခိုင်ပြည်) မှ ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားတစ်ရပ်ကို စစ်တွေမြို့၊ ဂြစ်ဘက်ကျောင်းတွင် ယနေ့ (မေလ ၁၄) ရက်နေ့၊ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးရက္ခဝံသ (ခ) ဦးမောင်လှဖြူအား နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့မှ နိုင်ငံရေးစွမ်းဆောင်ရည် ဆုကို ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ တောင်ဝင်နှင်းဆီ သီရိခန်းမတွင် ပြုလုပ်ခဲ့သည့်အတွက် ထပ်ဆင့်ဂုဏ်ပြုရခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဒု-ဥက္ကဌ ဦးမြတ်ထွန်းကပြောသည်။

“ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဦးမောင်လှဖြူကို စွမ်းဆောင်ရည်ဆုပေးတယ်။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် စွမ်းဆောင်နိုင်ခဲ့တယ်။ ကိုယ့်ရခိုင်က ဒီလိုလူတစ်ယောက်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေဟာ အသိအမှတ်ပြုတယ်ဆိုရင် ကိုယ့် ရခိုင်လူမျိုးတွေအတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်တဲ့အတွက် ဂုဏ်ပြုပွဲလုပ်ရတာ။ ” ဟု ၎င်းကဆိုသည်။ 

ဦးရက္ခဝံသ (ခ) ဦးမောင်လှဖြူသည် ၁၉၈၈ ခုနှစ်၊ တစ်နိုင်ငံလုံး လူထု အုံကြွမှုဖြစ်ပွားစဉ် ကာလတွင် စစ်တွေဝင်္ကဘာကွင်း၌ ဆန္ဒဖော်ထုတ်နေစဉ် ထောက်လှမ်းရေးမှ ဓာတ်ပုံလာရိုက်သဖြင့် ထိုးကြိတ်သတ်ဖြတ်ကြရာတွင် သေဆုံးသွားသည့် အမှုနှင့် ပါဝင်ပတ်သတ်သည်ဟု ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီးပြီး သေဒဏ် အမိန့်ချခံခဲ့ရကာ ထောင်မှ လွှတ်မြောက်လာပြီး နောက်တွင်လည်း ရဟန်းဝတ်ကာ လှုပ်ရှားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့မှ အကျဉ်းထောင်များတွင် ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်နိုင်ရန် (၆) ကြိမ်တိုင်တိုင် အစာငတ်ခံ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

ဦးရက္ခဝံသ (ခ) ဦးမောင်လှဖြူသည် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့မှ ပေးအပ်လာသည့် တာဝန်များနှင့် လုပ်ငန်းကိစ္စအဝဝကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့အတွက် ဆရာတော်ရက္ခဝံသသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် သိက္ခာချ လူဝတ်လဲခဲ့ကြောင်းလည်းသိရသည်။

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်