နေရောင်မင်း(စစ်တွေ)၊DMG

နိုဝင်ဘာလ ၃၊စစ်တွေ

 

ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကြောင့် ရသင့်၊ရထိုက်သည့် သင်ခန်းစာကို ရရှိသွားသည်ဟု   ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ရွေးကောက်ပွဲရှုံးနိမ့်ရခြင်းမှာ ပြည်သူလူထု၏ ဆုံးဖြတ်ချက်ကြောင့်ဟုပြောဆိုကာ ပါတီအပေါ် ပြည်သူများ၏ ဆုံးဖြတ်ချက်ကိုလည်း လေးစားကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။

“ရခိုင်ပြည်သူတွေရဲ့ ဒီနေ့ ပါတီအပေါ် ဆုံးဖြတ်တာကိုအမြဲတမ်းလေးစားတယ်။ ကျနော်တို့အတွက် ဒီရွေးကောက်ပွဲမှာ ရသင့်ရထိုက်တဲ့ သင်ခန်းစာကိုလည်း ရပါတယ်။ကျနော်တို့မှာ ရှောင်ရန်၊ဆောင်ရန်တွေကိုလည်း ကျနော်တို့ မြင်ရတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ရခိုင်အမျိုးသားပါတီသည် အမတ်လုပ်ရန် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ အဆင်းရဲဆုံးဖြစ်နေသည့် ရခိုင်ပြည်သူလူထု၏ လူမှုဘဝကို မြင့်တက်ရေးဖြစ်သည်ဟု ဦးထွန်းအောင်ကျော်က မဲရှုံးနိမ့်ခြင်းကို တုန့်ပြန်သည်။

“ကျနော်တို့ ပါတီဟာ အခုမှ အင်တိုက် အားတိုက် သွားနေတာ မဟုတ်ဘူး။ ဒေါက်တာ အေးမောင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မြို့နယ်ပေါင်းစုံက ဝိုင်းရံပေးခဲ့တဲ့အတွက်၊ ရသေ့တောင်မြို့နယ်မှာလည်း ကိုယ့်ပါတီရဲ့ စည်းလုံးညီညွှတ်မှုကို ပြတဲ့အနေနဲ့ ကျနော်တို့ ဝိုင်းရံပေးခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အင်အားနဲ့ အကောင်းဆုံးရခိုင်ပြည်သူတွေကို အလုပ်အကျွေးပြုသွားမယ်”ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ရသေ့တောင်မြို့နယ်မှာ လစ်လပ်နေသည့် အမှတ်(၂) ပြည်နယ်မဲဆန္ဒနယ်အတွက် ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးခင်သန်းမောင်နှင့် တစ်သီးပုဂ္ဂအဖြစ် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

 

လတ်တလောတွင် မဲရုံ ၈၁ ရုံ၏ ရလာဒ်ကိုသိရသေးသည်။ဦးတင်မောင်ဝင်း၏မဲရလာဒ်မှာ  စုစုပေါင်း ၂၃၆၃၀ ဖြစ်ပြီး ဦးမောင်လှမြင့် မဲရလာဒ်မှာ ၃၁၄၆ ၊ဦးသိန်းမောင် မဲရလာဒ်မှာ ၅၅၄ နှင့် ဦးခင်သန်းမောင် မဲရလာဒ်မှာ ၈၉၂ တို့ဖြစ်ကြောင်း ဦးတင်မောင်ဝင်း အောင်နိုင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကျောက်ဖြူအမတ် ဦးကျော်လွင်က လူမှုကွန်ရက်စာမျက်နှာတွင်ရေးထားသည်။

 

လက်ရှိတွင် မဲရလာဒ်များကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခြင်းမရှိသေးပေ။