ခိုင်ရိုးလ၊ DMG

နိုဝင်ဘာလ ၃၊စစ်တွေ

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပသည့် ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင်   မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲပေးလျှက်ရှိရာတွင် အခက်အခဲတစ်ချို့ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဖွင့်ဟပြောဆိုကြသည်။

တစ်ချို့ပြည်သူများသည် ရပ်ကွက်ထဲတွင် နေထိုင်သည်မှာကြာမြင့်နေသော်လည်း မဲစာရင်းတွင် မပါသောကြောင့် မဲပေးခွင့်မရရှိဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦး ဦးသိန်းမောင်က ပြောသည်။

“ တချို့နေရာမှာကျတော့ ရပ်ကွက်ထဲမှာနေလာတာကြာပြီ။ မဲပေးမယ့်စာရင်းမှာ မပါဘူးလို့လာပြောကြတယ်။ ဆိုတော့ ဒီအချိန်မှာ လာပြောလို့လည်းအချိန်က လွန်သွားပြီကို။ ဒါမျိုးတွေတွေ့ရတယ် ” ဟု ပြောသည်။

ဆန္ဒမဲပေးရန်ရောက်ရှိလာကြသော ပြည်သူတချို့မှာ မိမိပါဝင်သောမဲစာရင်းအမှတ်စဉ်ကို ရှာကြည့်နေရမှုမှာ ကြန့်ကြာမှုများရှိနေသည်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့်  မဲစာရင်းအမှတ်စဉ်ကို သိအောင်ကြိုပြောထားသင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ လွတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့်ကဆိုသည်။

“ ဆန္ဒမဲလာပေးကြတဲ့အခါမှာ ပြည်သူတွေက ကိုယ့်မဲစာရင်းအမှတ်စဉ်ကိုကြည့်ရတာ နှောင့်နှေးမှုရှိတယ်။ ရပ်ကွက်ကျေးရွာ မဲကော်မရှင်တွေက မဲဆန္ဒရှင်တွေကို သူတို့ရဲ့ မဲစာရင်းအမှတ်စဉ်ကို ကြိုပြီးတော့ သိအောင်သွားပေးထားလို့ရှိရင် ပိုပြီးတော့အဆင်ပြေမယ်။ မဲဆန္ဒရှင်တွေကလည်း ကြိုပြီးတော့သွားကြည့်ထားလို့ရတာပေါ့။ အခုကျတော့ မဲပေးဖို့လိုက်ရှာရတာ နည်းနည်းအခက်ခဲရှိပါတယ် ”ဟု ၎င်းကပြောသည်။

ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လစ်လပ်နေသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူ ကိုယ်စားလှယ်လောင်း ၄ ဦးရှိပြီး မဲပေးခွင့်ရှိသောပြည်သူဦးရေ ၅၀၀၀၀ ကျော်နှင့် မဲရုံ ၈၀ ကျော်ရှိနေသည်။

 

ရသေ့တောင်မြို့နယ်ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးခင်သန်းမောင်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းလည်းဖြစ်သည်။